မတ်လ ၁၇ရက်၊ ၂၀၁၇ခုနှစ်။ စောချာလု
ကရင်ပညာရေးဌာန-KEDနှင့် ကရင်ကျောင်းဆရာများသမဂ္ဂ-KTWG တို့ ပူးပေါင်းပြီး နွေရာသီ ကရင်ကျောင်းဆရာ၊ ဆရာမများ မွမ်းမံသင်တန်းကို ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်တန်း အနောက်ဘက်ခြမ်းရှိ အံဖကြီးကျေးရွာ အလယ်တန်းကျောင်း၌ မတ် လ ၁၆ရက်နေ့က ဖွင့်လှစ်ပေးခဲ့သည်။
ကရင်ပညာရေးဋ္ဌာန၏ သင်ရိုးညွှန်းတမ်းကို သင်ကြားနေကြသည့် ကရင်ဆရာ၊ဆရာမများအား သင်ကြားရေးပိုင်းဆိုင်ရာ အရည် အချင်း မြှင့်တင်ပေးရန်နှင့် သင်ကြားရေးပုံစံများကို ပိုမိုတတ်ကျွမ်းနားလည်စေရန်အတွက် ယခုလို သင်တန်းပေးခြင်းဖြစ်သည် ဟု ကေ့ာကရိတ်မြို့နယ်၏ KED တာဝန်ခံ စောသာဝါးက ယခုလို ပြောသည်။
၎င်းက “ကျနော်တို့ရဲ့ အချို့ဆရာ၊ ဆရာမတွေမှာ သင်ကြားရေးပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အားနည်းနေသေးတာကြောင့် သင် တန်းပေးခြင်းဖြစ်တယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ မေးခွန်းထုတ်ခြင်းဆိုင်ရာနည်းနာတွေကို ပိုမိုကျွမ်းကျင်လာအောင်ပေါ့။ ကျနော်တို့ရဲ့ဗဟို၊ ခရိုင်၊ မြို့နယ်ထဲမှာ လေးတန်း၊ ခုနှစ်တန်းနဲ့ ဆယ်တန်းတွေမှာ ကော်သူးလေအစိုးရ စစ်ရှိတာကြောင့် ဆရာ၊ ဆရာမတွေမှာ မေးခွန်းထုတ်ပုံထုတ်နည်းကို သေချာနားလည်လာစေဖို့အတွက် ဖြစ်ပါတယ်”ဟု စောသာဝါးက ပြောသည်။
အဆိုပါ နွေရာသီသင်တန်းသို့ ကော့ကရိတ်မြို့နယ်အတွင်းရှိ စက္ကဝက်၊ မဲ့တရောထာ့၊ ကွီးလေး၊ ဖိုးဆီးမု၊ မဲတလယ်၊ ထီးမဲဘော၊ ထီးဝါကလု၊ အဇင်း၊ တအေးဆေး၊ ဟိုတူ၊ ရှီးထာ့၊ ပူယေး၊ တောရကျောင်း၊ သယ့်ဖါထောနှင့် မောကဲခီးရွာများရှိ ကျောင်းများမှ ကျောင်းဆရာ၊ ဆရာမပေါင်း ၈ဝဦး တက်ရောက်နေပြီး သင်တန်းကာလမှာ နှစ်ပတ် ကြာမြင့်မည်ဖြစ်သည်။
အဆိုပါ နှစ်ပတ်တာ ကာလအတွင်း မေးခွန်းထုတ်မှုဆိုင်ရာ အတတ်ပညာ၊ ကျောင်းသားဗဟိုပြု သင်ကြားမှုပုံစံနှင့် ကရင်သင်ရိုး ညွှန်းတမ်းဆိုင်ရာ စသည့်ခေါင်းစဉ်များကို အဓိက သင်ကြားပေးသွားမည်ဟု ဦးဆောင်သူများက ဆိုသည်။
သင်တန်းကို တက်ရောက်နေသူ စက္ကဝက်(ကျာကဝါ)ကျေးရွာ ကျောင်းအုပ်ဆရာမ နော်ခုမူးက “ဒီသင်တန်းကနေ ကျမတို့အနေ နဲ့ သင်ခန်းစာရရှိပြီးတော့မှ ကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့ ကလေးတွေကိုပြန်ပြီးတော့မှ သင်ကြား ဝေမျှပေးနိုင်ဖို့က အရေးကြီးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
KED နှင့် KTWG တို့ ပူးပေါင်း၍ အဆိုပါ နွေရာသီသင်တန်းကို နှစ်စဉ် ဖွင့်လှစ်ပေးလျှက်ရှိရာ ယခုနှစ်တွင် ဒူးပလာယာခရိုင်အ တွင်းရှိ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်တန်း အနောက်ဘက်ခြမ်းတွင် ဖွင့်လှစ်သင်ကြားပေးသည်မှာ ယခုတစ်ကြိမ် အပါအ ဝင် ၁၂ကြိမ်မြောက်ရှိပြီးဖြစ်သည်။
ကော့ကရိတ်မြို့နယ်တွင် ကရင်ပညာရေးဌာန ထိန်းချုပ်မှုအောက်ရှိ ကရင်စာသင်ကျောင်းပေါင်း ၁၀၃ကျောင်းရှိပြီး ကျောင်းဆ ရာ၊ ဆရာမပေါင်း ၃၅ဝဦးရှိကာ ကျောင်းသူ၊ကျောင်းသား ဦးရေ ၂၀၀၀ကျော်ရှိသည်ဟု ကော့ကရိတ်မြို့နယ် KED ပညာရေး တာဝန်ခံက ပြောသည်။



















