နိုဝင်ဘာ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ရှိ နှစ်ဖက်အုပ်ချုပ်နယ်မြေဖြစ်သည့် ခုံခံ(ခိုးခေါ)ကျေးရွာမှ မူလတန်းစာသင်ကျောင်း၌ လွှင့်ထူထားသော ကရင်အမျိုးသားအလံကို လမ်းလုံခြုံရေးယူသည့် အစိုးရ တပ်မတော်၏ တပ်ဖွဲ့ဝင်က နိုဝင်ဘာလ ၁၁ရက်နေ့တွင် ဖြုတ်သိမ်းခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
တိုင်းမှူးလာမည်ဟု အကြောင်းပြချက်ဖြင့် လမ်းလုံခြုံရေးယူနေသည့် အစိုးရတပ်မတော် ခြေလျင်တပ်ရင်း (ခလရ-၃၁)မှ တပ် သား (၇)ဦးသည် ထိုနေ့မွန်းလွဲ ၃နာရီခွဲခန့်တွင် မည်သူ့ကိုမျှ အသိပေးခြင်းမပြုဘဲ ကျောင်းရှေ့ရှိ ကရင်အမျိုးသားအလံကို ဖြုတ် သိမ်းခဲ့သည်ဟု ကေအဲန်ယူ ဝင်းရေးမြို့နယ်မှ အမည်မဖော်လိုသူ မြို့နယ်တာဝန်ရှိသူတစ်ဦးက ယနေ့(နိုဝင်ဘာ ၂၁ရက်နေ့) တွင် ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။
၎င်းက “လမ်းလုံခြုံရေးလုပ်နေတဲ့ ခလရ-၃၁က တပ်သား ၇ယောက်ပေါ့နော်။ အဲ့ဒီခုံခံကျေးရွာမှာ အဲနေ့က တိုင်းမှူးတို့ တက် သွားတယ်လေ။ အဲ့ဒီညနေပိုင်း ၁၅နာရီ ၃ဝအချိန်မှာ အဲ့ဒီမှာ စာသင်ကျောင်းမှာပေါ့။ ကရင်အမျိုးသားအလံကို သူတို့က သွား ဖြုတ်တာ။ ဘာကြောင့်ဖြုတ်တာလဲတော့ မသိရဘူး။ ဒေသခံတွေ လာပြောပြမှ သိရတာ”ဟု ပြောသည်။
အဆိုပါ အလံဖြုတ်သိမ်းခြင်းမှာ မသင့်တော်ကြောင်းနှင့် ယင်းလုပ်ရပ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ ခရိုင်နှင့် တပ်မဟာ အသီးသီး ထံသို့ ကြေးနန်းပို့ အသိပေးထားသည့်အပြင် လက်ရှိတွင် ဝင်းရေးမြို့နယ်၌ အစိုးရတပ်မတော်မှ သွားလာလှုပ်ရှားမှု ပိုများလာ သည်ကို တွေ့ရှိရသည်ဟုလည်း ၎င်းမြို့နယ်တာဝန်ရှိသူက ဆက်ပြောသည်။
၎င်းတပ်ဖွဲ့ဝင်များ ကရင်အမျိုးသားအလံအပြင် စာသင်ကျောင်းဆိုင်းပုဒ်ကိုပါ ဖြုတ်သိမ်းခဲ့သည့် ခုံခံမူလတန်းကျောင်းကို အစိုး ရမဟုတ်သည့်အဖွဲ့အစည်း-NGO က ဆောက်လုပ်ပေးထားခြင်းဖြစ်ပြီး ကျောင်းသူကျောင်းသားများကို ကေအဲန်ယူ လက် အောက်ခံ ကရင်ပညာရေးဋ္ဌာန-KED ၏ သင်ရိုးညွန်းတမ်းအပြင် အစိုးရပညာရေးဋ္ဌာန၏ သင်ရိုးညွှန်းတမ်းကိုပါ ထည့်သွင်းသင် ကြားပို့ချပေးသည်ဟု သိရသည်။
ယင်းကိစ္စအပေါ် ဝင်းရေးမြို့နယ်ဒေသခံ စောအဲ့ကဆော့က “ဒါကတော့ ကရင်တွေကို ဗမာနဲ့တန်းတူ အခွင့်အရေး သူမပေးဘူး ဆိုတဲ့သဘောလို့ ကျနော်မြင်တယ်။ ကရင်ပြည်နယ်မှာ ကရင်အလံမထောင်ရဘူးဆိုရင် ဘယ်သူ့အလံ သွားထောင်ရမှာလဲ။ သူတို့လုပ်ချင်သလို လုပ်မယ်။ ကရင်အလံကို သူတို့ အသိအမှတ်မပြုလို့ အခုလိုလုပ်တယ်လို့ မြင်မိတယ်”ဟု ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCAစာချုပ်ပါ နှစ်ဖက်လေးစားလိုက်နာရမည့် စည်းမျည်းစည်းကမ်း များနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များမှ အခန်း(၂)၏ အရပ်သားပြည်သူနှင့် ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများပါ အပိုဒ်(ဇ)အရ ဥပဒေနှင့်အညီ ပညာသင်ကြားရေးဆိုင်ရာ အခွင့်အရေးများကို နှောက်ယှက်ပိတ်ပင်ခြင်း၊ ပညာ ရေးဆိုင်ရာ ပစ္စည်းများနှင့်အတူ စာသင်ကျောင်း၊ အဆောက်အဦးများကို ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ပညာသင်ယူ နေသူများကို နှောက်ယှက်ဟန့်တားခြင်း မပြုလုပ်ရဟု ပါရှိသည်။
ထို့အပြင် အဆိုပါ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများပါ အခန်း(၂)၏ အပိုဒ်(ဌ)အရ ပြည်သူလူထု၏ ဘာသာရေး၊ စာပေယဉ်ကျေးမှုနှင့် ဓလေ့ထုံးထမ်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုများကို နှောက်ယှက်ခြင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းနှင့် ပျက်စီးစေခြင်းတို့အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်ရ ဟူ၍လည်း ဖော်ပြပါရှိသည်။
ဒူးပလာယာခရိုင်တွင် ကေအဲန်ယူနှင့် အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ကရင်ပညာရေးဋ္ဌာနနှင့် အစိုးရပညာရေးဋ္ဌာနတို့ ရောနှောအုပ်ချုပ်သည့် စာသင်ကျောင်းတိုင်းတွင် ကရင်အမျိုးသားအလံကို လွှင့်ထူထားလေ့ရှိပြီး ယခုကဲ့သို့ ရောနှောအုပ်ချုပ်သည့် စာသင်ကျောင်းတွင် ကရင်အမျိုးသားအလံ ဖြုတ်သိမ်းခံရမှုမှာ ဝင်းရေး မြို့နယ်၌ ပထမဆုံးအကြိမ် ဖြစ်သည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီက ထိုဒေသရှိ လှုပ်ရှားနေသည့် အစိုးရ တပ်မတော်တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်း ၍ မရရှိခဲ့သော်လည်း အဆိုပါဖြစ်ရပ်အပေါ် သက်ဆိုင်ရာ အစိုးရတပ်ဖွဲ့ဝင်များဘက်က မသိ၍ပြုမူမိကြောင်း ပြန်လည်တောင်း ပန်သည်ဟု နောက်ဆုံးရရှိသည့် ဒေသသတင်းအရ သိရသည်။