နိုဝင်ဘာ ၆ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာ အနောက်ဘက်တောင်ညိုတောင်တန်းပေါ်တွင် တည်ရှိသည့် လှိုင်ထောင်ဖလမေရေတံခွန်တွင် လာရောက်အပန်းဖြေသူ များလာသည့်အတွက် သွားလာရေး အဆင်ပြေစေရန် ရေတံခွန်သွားလမ်းကို နိုင်ငံတော် အစိုးရတာဝန်ရှိသူများမှ လာရောက်ပြုပြင်ပေးစေလို ကြောင်း ဒေသခံကျေးရွာ တာဝန်ရှိသူများက ပြောသည်။
“ဒီနှစ်လာရောက်အပန်းဖြေသူများ လာတယ်။ လမ်းကြမ်းတော့ သွားလာသူတွေအခက်အခဲရှိတယ်။ ရွာသားတွေနဲ့စုပေါင်းပြီး ပြင်ပေးနေတယ်။ ရွာလုပ်အားနဲ့ဆိုတော့ အများကြီးမလုပ်နိုင်ဘူးပေါ့လေ။ တာဝန်ရှိသူတွေအနေနဲ့ လမ်းလေးတစ်လမ်းလောက် အကူအညီရလိုချင်ပါတယ်”ဟု ကျုံခဝန်ကျေးရွာ အုပ်ချုပ်ရေးမှူး စောစိုးသိန်းက နိုဝင်ဘာ(၄)ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
အမြင့်ပေ (၂၀၀)ကျော်ရှိကာ တစ်နှစ်လုံးရေစီးဆင်းနေသည့် ၎င်းရေတံခွန်ကို ရက်ကြီးခါကြီးတွင် နေ့စဉ်လူတစ်ရာကျော်အထိ လာရောက်အပန်းဖြေကြပြီး လာရောက်အပန်းဖြေသူများ အဆင်ပြေ သွားလာနိုင်ရန် ကျေးရွာလုံခြုံရေးအဖွဲ့မှ တာဝန်ယူထားသလို ကျေးငှက် သတ္တဝါမျိုးစိတ်ပေါင်းစုံ၊ အပင်မျိုးစိတ်အများအပြားလည်း သဘာဝဘေးမဲ့အဖြစ် ထိန်းသိမ်းထားသည်ဟု ၎င်းက ဆက်ပြောသည်။
ထို့အပြင် ယင်းလှိုင်ထောင်ဖလမေ ရေတံခွန်ကြီး၏ တောင်ဘက်ခြမ်း ၄ဖာလုံအကွာတွင် အမြင့်ပေ (၁၀၀)ကျော်ရှိ နှစ်ထပ်ဆင့်စီးဆင်းနေသည့် လှိုင်ထောင်ယဖလာရေတံခွန်ကြီးတစ်ခုနှင့် ရေတံခွန်ငယ် (၃)ခု ရှိသေးသည်ဟုလည်း ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရသည်။
ခလယ်ကျေးရွာမှ စောငယ်ထွေးက “ကျနော်ရောက်ဖူးသမျှ ဒီရေတံခွန်က သဘာဝအရမ်းကျတယ်။ နွေရာ သီမှာတောင် ရေက တလဟော စီးဆင်းနေတယ်။ သစ်တောတွေ စမ်းချောင်းတွေ ကျေးငှက်သတ္တဝါမျိုးစုံ ကအစ နှစ်ရှည်ထိန်းသိမ်းထားတော့ကိုယ့်အတွက် အထူးအဆန်းတွေကြီးပဲ မြင်နေရတယ်။ တာဝန်ရှိသူတွေအနေနဲ့ လမ်းလေးပြင်ပေးလိုက်ရင် ကမ္ဘာလှည့်ခရီးသွားသူတွေအတွက် စိတ်ဝင်စားစရာနေရာတစ်ခု ဖြစ်လာမှာသေချာတယ်” ဟု ပြောသည်။
၎င်းကိစ္စအပေါ် ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောယှားဖောင်အွာ က “ရေတံခွန်ကို သွားရောက်လေ့လာသွားမယ်။ ဘာတွေလိုအပ်ချက်တွေရှိနေတာလဲ။ ခရီးသွားပြည်သူတွေ အဆင်ပြေပြေနဲ့ လာရောက်လည်ပတ်နိုင်အောင် အချက်လက်ပြုစုပြီး ပြန်လည်တင်ပြပေးသွားမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ကျုံခဝန်ကျေးရွာ၏ အနောက်ဘက် (၅)မိုင်အကွာရှိ လှိုင်ထောင်ဖလမေရေတံခွန်သည် ကရင်အမျိုးသား အစည်းအရုံး(KNU) ဒူးပလာယာခရိုင်၏ ထိန်းချုပ်မှုနယ်မြေတွင် တည်ရှိပြီး ယခုနှစ် ၂၀၁၆ခုနှစ်မှသာ စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။



















