Home ထိပ်တန်းသတင်း အာရှလမ်းမ‌ဖောက်လုပ်ရန် လွန်းည‌တောင်၌ လမ်းခင်း‌ကျောက်များ ထုတ်ယူမည့်အ‌ပေါ် ‌ဒေသခံများ မလိုလား

အာရှလမ်းမ‌ဖောက်လုပ်ရန် လွန်းည‌တောင်၌ လမ်းခင်း‌ကျောက်များ ထုတ်ယူမည့်အ‌ပေါ် ‌ဒေသခံများ မလိုလား

3102

နိုဝင်ဘာ ၄ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မှ ဖားအံမြို့နယ်၊ အိန္ဒု‌ကျေးရွာအထိ ဆက်‌ဖောက်လုပ်မည့် အာရှအ‌ဝေး‌ပြေး လမ်းမကြီးအတွက် လိုအပ်သည့် လမ်းခင်း‌ကျောက်များကို ဖားအံမြို့နယ်၊ လွန်းည‌ကျေးရွာရှိ၊ လွန်းည‌တောင်၌ လိုအပ်သည့် လမ်းခင်း‌ကျောက်များ လာ‌ရောက်ထုတ်ယူမည့်အ‌ပေါ် မလိုလား‌ကြောင်း ‌ဒေသခံများက နိုဝင်ဘာ ၃ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လွန်းည‌တောင်သည် ‌ဒေသခံ ကရင်လူမျိုးများအတွက် သမိုင်းဝင်‌တောင်ဖြစ်ပြီး ‌ကျောက်ထုတ်ယူမည်ဆိုပါက သမိုင်း ဝင်‌နေရာနှင့် ဥယျာဉ်ခြံများ ပျက်စီးသွားနိုင်သလို သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်သည့်အတွက်‌ကြောင့် ‌ဒေသခံများအ ‌နေဖြင့် လက်မခံနိုင်ခြင်းဖြစ်သည်ဟု လွန်းည‌ကျေးရွာအုပ်စုမှ ခနိမ်းဒို‌တောင်နား ဆရာ‌တော်ဦး‌ဇောတိက,က ယခုလိုမိန့်ကြား သည်။

ဆရာ‌တော်က “ဒီလွန်းညမှာ ကုမ္ပဏီ‌တွေက စီမံကိန်းကြီး‌တွေလာပြီး ‌ကျောက်လာထုတ်ယူမှာကို ဘုန်းကြီးတို့ လက်မခံနိုင်ဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ ဒီ‌တောင်က သမိုင်းဝင်‌တောင် ဖြစ်တယ်။ ပြီး‌တော့ ‌တောင်နားမှာ ခြံ‌တွေရှိတယ်။ သူတို့လာယူမှာက ‌ကျောက်ကျင်းက နည်းတာ မဟုတ်ဘူး။ ပြီးရင် သဘာဝပတ်ဝန်းကျင် မပျက်စီးဘူးလို့ ဘယ်သူမှ အာမခံနို်င်မှာ မဟုတ်ဘူး။ ဒီကိစ္စကို ဘုန်းကြီးတို့ ‌ဒေသခံ‌တွေက လုံးဝ လက်မခံနိုင်ဘူး”ဟု မိန့်ကြားသည်။

‌ကော့ကရိတ်- အိန္ဒု အာရှလမ်းမ စီမံကိန်းကို ၂၀၁၇ခုနှစ်တွင် စတင်‌ဖောက်လုပ်မည် ဖြစ်ကာ လမ်းခင်းရန် လွန်းည‌တောင်တွင် ‌ကျောက်ထုတ်ယူ‌ရေးအတွက် ‌ဖောက်လုပ်မည့် ကုမ္ပဏီဘက်မှ စကားလာ‌ပြောထားသည့် အဆင့်တွင်သာ ရှိ‌သေးသည်ဟု လွန်း ည‌ကျေးရွာ၊ အုပ်ချုပ်‌ရေးမှူး မန်း‌အောင်ဝင်း‌ရွှေက ‌ပြောသည်။

“ကုမ္ပဏီက ‌ကျောက်လာထုတ်ဖို့ စကားလာ‌ပြောထားတာဘဲ ရှိ‌သေးတယ်။ ဘာမှ စမလုပ်‌သေးဘူး။ သူတို့ လည်း အစိုးရ ခွင့်ပြုမိန့်‌တွေရမှ လာထုတ်လို့ရမှာ‌လေ။ ပြီး‌တော့‌ဒေသခံရဲ့ ခွင့်ပြုချက်ရမှ သူတို့လုပ်လို့ ရမှာ‌ပေါ့။ ကျ‌နော်တို့ ရပ်မိရပ်ဖ အ‌နေနဲ့ ‌ဒေသခံ‌တွေကိုပြန်‌မေး‌တော့၊ လက်မခံဘူးဆို‌တော့ သူတို့လည်း လာလုပ်လို့ ရမှာ မဟုတ်ဘူး ထင်တယ်။ ဒါ‌ပေမဲ့ ‌တောင်ကိုစစ်‌ဆေးတာ လုပ်ချင်ရင်‌တော့ ခွင့်ပြု‌ပေးမယ်”ဟု မန်း‌အောင်ဝင်း‌ရွှေက ‌ပြောသည်။

၎င်းအပြင် လွန်းည‌တောင်တွင် ‌ကျော်ထုတ်ယူ‌ရေးလုပ်ငန်းကို ၃နှစ်စီမံကိန်းဖြင့် လုပ်‌ဆောင်မည်ဖြစ်ကာ တစ်ရက်လျှင် ‌ကျောက် အကျင်း‌ပေါင်း ၃၀၀‌ကျော်ထုတ်ယူပြီး တစ်ကျင်းလျှင် ၁၅၀ဝနှုန်းဝယ်ယူမည်ဟု လမ်းခင်းမည့်ကုမ္ပဏီက ‌အောက်တိုဘာလ ပထ မအတွင်းက လာ‌ရောက်‌ပြောဆိုခဲ့ပြီး ကုမ္ပဏီအမည်ကိုမူ တိတိကျကျ မသိရှိထားခြင်းမရှိဟု လွန်းည‌ကျေးရွာအုပ်ချုပ်‌ရေးမှူး မန်း ‌အောင်ဝင်း‌ရွှေက ဖြည့်စွက် ‌ပြောဆိုသည်။

အဆိုပါ ‌ကော့ကရိတ်-အိန္ဒု အာရှလမ်းမကြီးကို အာရှဖွံ့ဖြိုး‌ရေးဘဏ် (ADB) အစီအစဉ်ဖြင့် ‌ဖောက်လုပ်မည်ဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တရုတ်နိုင်ငံမှ နာမည်‌ကျော် CRBC ‌ဆောက်လုပ်‌ရေးကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိသွားသည်ဟု RFA သတင်း ဋ္ဌာနတွင် ‌ဖော်ပြထားသည်။

ADB အ‌နေဖြင့် ယင်းလမ်းစီမံကိန်းတွင် ‌ဒေသခံများ ထိခိုက်နစ်နာမှုမရှိ‌အောင် လုပ်‌ဆောင်သွားမည်ဖြစ်ပြီး ‌ဒေသတွင်း အရပ် ဖက်အဖွဲ့များ၊ ‌ဒေသခံများအ‌နေဖြင့် စီမံကိန်းနှင့် ပတ်သက်၍ သိလိုသည်များကို ADB တာဝန်ရှိသူများထံ အချိန်မ‌ရွေး လာ ‌ရောက်‌မေးမြန်းနိုင်‌ကြောင်း ‌အောက်တိုဘာ ၁၃ရက်‌နေ့တွင် ဖားအံမြို့၊ သီရိဖားအံဟိုတယ်၌ ပြုလုုပ်သည့် ADBနှင့် အစိုးရ၊ လွှတ်‌တော်၊ အရပ်ဘက်အဖွဲ့တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ADB မှ တာဝန်ရှိသူများက ‌ပြောဆိုထားသည်။