Home သတင်း တိုင်းရင်းသားလူငယ်‌ကျောင်းသားများနှင့် ပိုမိုချိတ်ဆက် လုပ်‌ဆောင်သွားမည်ဟု SYCB ဆုံးဖြတ်

တိုင်းရင်းသားလူငယ်‌ကျောင်းသားများနှင့် ပိုမိုချိတ်ဆက် လုပ်‌ဆောင်သွားမည်ဟု SYCB ဆုံးဖြတ်

2650

နိုဝင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

တိုင်းရင်းသားလူငယ်အဖွဲ့ (၁၁)ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ‌ကျောင်းသားလူငယ်များကွန်ဂရက်(SYCB)အ‌နေဖြင့် တိုင်းရင်းသားလူငယ်‌ကျောင်းသားများနှင့် ပိုမိုချိတ်ဆက်လုပ်‌ဆောင်သွားရန် နိုဝင်ဘာ ၁၇ရက်မှ ၁၉ရက်‌နေ့အထိ ကရင်ပြည် နယ်၊ ‌ကော့ကရိတ်မြို့နယ်တစ်‌နေရာ၌ ပြုလုပ်သည့် ၎င်းတို့၏ (၉)ကြိမ်‌မြောက်ညီလာခံ၌ ဆုံးဖြတ်ခဲ့သည်။

SYCB ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောဂျက်ပစီက “တိုင်းရင်းသားလူငယ်‌ကျောင်းသား‌တွေ သူတို့နဲ့ ချိတ်ဆက်မှု ပိုမိုလုပ်ဖို့ ရှိ မယ်။ ဖက်ဒရယ်ပြည်‌ထောင်စုဖြစ်‌ပေါ်ဖို့အတွက် တိုင်းရင်းသားလူငယ်‌တွေရဲ့အသံက တစ်သံထဲဖြစ်ဖို့အတွက် အခုလက်ရှိ ကျ‌နော်တို့ ၁၁ဖွဲ့ထဲမဟုတ်ဘဲနဲ့ အခြားအဖွဲ့ဝင် အဖွဲ့အစည်း‌တွေ များပြားလာ‌အောင် မဟာမိတ်‌တွေနဲ့ချိတ်ဆက်ပြီး‌တော့ အများ ကြီးလုပ်သွားဖို့‌တော့ ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဆိုပါညီလာခံ၌ ‌ပြောင်းလဲလာသည့် နိုင်ငံ‌ရေးအ‌ခြေအ‌နေအရ ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် SYCB ၏ နှစ်ပတ်လည်အစည်းအ‌ဝေးမှ ချမှတ်ခဲ့သည့်သ‌ဘောထားနှင့် မူဝါဒများကို ‌ပြောင်းလဲမှုတချို့ ပြုလုပ်ခဲ့သည်ဟုလည်း ‌စောဂျက် ပစီက ဆက်‌ပြောသည်။

သုံးရက်တာ ပြုလုပ်ခဲ့သည့် ၎င်းညီလာခံ၌ ‌ရှေ့လုပ်ငန်းစဉ်များတင်ပြ‌ဆွေး‌နွေးအတည်ပြုခြင်း၊ မဟာဗျူဟာ ‌ရေးဆွဲချမှတ်ခြင်း၊ ကွန်ဂရက်၏ ဖွဲ့စည်းပုံအ‌ခြေခံစည်းမျဉ်းပြင်ဆင်ဖြည့်စွက်ခြင်းအပြင် သဘာပတိ အဖွဲ့ အဝင် ၁၁ဦးနှင့် အတွင်း‌ရေးမှူးအဖွဲ့ဝင် (၃) ဦးကို အသစ်ပြန်လည်‌ရွေး‌ကောက် တင်‌မြှောက်ခဲ့ကြသည်။

တွဲဖက်အ‌ထွေ‌ထွေအတွင်း‌ရေးမှူး(၁) အသစ်အဖြစ် ‌ရွေး‌ကောက်တင်‌မြှောက်ခံရသည့် ရခိုင်ပြည်လုံးဆိုင်ရာ ‌ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ မဆုမွန်‌အေးက “တပ်‌ပေါင်းစုဆိုတာက တကယ့်လူငယ်‌တွေရဲ့အသံ‌တွေကို ပိုပြီးမြှင့်တင် ‌ပေးဖို့အတွက် တပ်‌ပေါင်းစုဆိုတာကို ဖွဲ့စည်းထားရတာဖြစ်တယ်။ အစိုးရကိုဖြစ်ဖြစ်၊ နိုင်ငံတကာကိုဖြစ်ဖြစ်၊ တိုင်းရင်းသား‌ဒေသ ‌တွေမှာ ဖြစ်ပျက်‌နေတာကို တစ်စုထဲ‌ပေးပို့လာတဲ့အသံထက် အစုလိုက် ‌ပေးပို့တဲ့အသံက ပိုပြီးကျယ်တာ‌ကြောင့် တပ်‌ပေါင်းစုတို့၊ ကွန်ရက်တို့က ပိုပြီးအ‌ရေးကြီးတယ်”ဟု ‌ပြောသည်။

၎င်းညီလာခံသို့ ကရင်၊ ကချင်၊ ချင်း၊ ရခိုင်၊ မွန်၊ ဗမာ၊ တအာင်း(ပ‌လောင်)၊ ပအိုဝ်း၊ ကယန်း၊ ထားဝယ်နှင့် ကူကီး စသည့် SYCB အဖွဲ့ဝင် တိုင်းရင်းသား‌ကျောင်းသား/လူငယ် ၁၁ဖွဲ့မှ ညီလာခံကိုယ်စားလှယ်များနှင့် ‌လေ့လာသူ အပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၃၄ဦး တက်‌ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ‌ကျောင်းသားလူငယ်များကွန်ဂရက်ကို ၁၉၉၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက်‌နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူး‌ဒေလီမြို့၌ စတင်ဖွဲ့ စည်းခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တွင် အ‌ခြေစိုက်လျှက်ရှိသည်။ ၎င်းတို့ညီလာခံကို (၂)နှစ်တစ်ကြိမ်ပြုလုပ်ပြီး ယခင်၎င်းတို့၏ (၈) ကြိမ်‌မြောက် ညီလာခံကို ၂၀၁၄ခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ ပြုလုပ်ခဲ့သည်။