နိုဝင်ဘာ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ တိုးတက်ပြောင်းလဲမှုမရှိသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက် ဖြစ် ပေါ်နေဆဲဖြစ်သည့်အပေါ် အမေရိကန် အစိုးရအနေဖြင့် မြန်မာအစိုးရအား စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို မရုပ်သိမ်းသင့်ဘဲ ဆက်လက်ဖိအားပေးရန် နိုဝင်ဘာလ ၁၁ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော်၌ အမေရိကန်နိုင်ငံ ရောက် ကရင်တိုင်းရင်းသား ၇၀၀ကျော် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။
အမေရိကန်နိုင်ငံ၊ Washington၊ California၊ Pennsylvania၊ Georgia၊ Texas၊ North Carolina၊ Minesota၊ Indiana၊ Wisconsin၊ IIIinois၊ California၊၊ New York နှင့် Ohio, စသည့်ပြည်နယ်များ အပါအဝင် စုစုပေါင်း ပြည်နယ် ၁၈ခုမှ ကရင် တိုင်းရင်းသားများက စုပေါင်းဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
၎င်းဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ စောဒေ့လေ့ထူးက “မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲလာမှု ဘာမှမရှိပေမယ့် နိုင်ငံတကာ ဒေါ်အောင်ဆန်းစုကို ယုံကြည်တဲ့စိတ်နဲ့ အမေရိကန် အစိုးရက မြန်မာနိုင်ငံမှာ စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းလိုက်တယ်။ ဒီလို ရုပ်သိမ်းလိုက်ခြင်းအားဖြင့် အာဏာရှိသူတွေအတွက်ပဲ အကျိုးဖြစ်သွားမယ်။ ကျနော်တို့စိုးရိမ်တာက မြန်မာအစိုးရက အခွင့်အရေးကို အသုံးချသွားမှာ စိုးရိမ်လို့ ဆန္ဒလာဖော်ထုတ်တာဖြစ်တယ်။”ဟု ယနေ့(နိုဝင်ဘာ ၁၄)ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိ မြန်မာအစိုးရသစ်လက်ထက်တွင် တည်ဆောက်နေသည့် ငြိမ်းချမ်းရေးမှာ ထင်သာမြင်သာသည့် တိုးတက် ပြောင်းလဲလာမှုများမရှိသလို တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေသည့်အတွက် အမေရိကန် အစိုးရ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းများက မြန်မာအစိုးရကို အလွယ်တကူ မယုံကြည်သင့်သေးကြောင်း လည်း စောဒေ့လေ့ထူးက ဆက်ပြောသည်။
၎င်းဆန္ဒဖော်ထုတ်ပွဲတွင် တိုင်းရင်းသားဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှု ချက်ချင်းရပ်၊ တိုင်းရင်းသားနယ်မြေအတွင်းရှိ အစိုးရတပ်မတော်များ ချက်ချင်းရုပ်သိမ်းပေး၊ ရေကာတာတည်ဆောက်ရေးစီမံကိန်းများ ရပ်တန့်ပေး၊ အစိုးရအပေါ် ပိတ်ဆို့ထား သည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းမှုအပေါ် ပြန်လည်သုံးသပ်ပေး၊ နိုင်ငံတကာအနေဖြင့် လက်ရှိ မြန်မာနိုင် ငံ၏ အခြေအနေအမှန်ကို သိရှိနားလည်ရေးနှင့် အစိုးရတပ်မတော်အား လက်နက်ခဲယမ်းရောင်းဝယ်မှုများကို ဟန့်တားပေးရေး စသည့်ကြွေးကြော်သံများဖြင့် ဆိုင်းဘုတ်များကိုင်ဆောင်၍ တောင်းဆိုဆန္ဒပြခဲ့ကြသည်။
အမေရိကန်နိုင်ငံ၊ North Carolina ပြည်နယ်ရှိ စောထီးနီးက “ဒီဆန္ဒ ထုတ်ဖော်မှုရဲ့ ရည်ရွယ်ချက်က အင်မတန်ကောင်းတဲ့ အစီ အစဉ်တစ်ခုဖြစ်တယ်။ ဒါပေမဲ့ အချို့လူတွေ မအားလပ်တဲ့အတွက် မပါဝင်နိုင်ခဲ့ဘူး။ နောက်နောင် ဒါမျိုးထပ်လုပ်မယ်ဆိုရင် ပြည်နယ်အားလုံး ကရင်တွေပါဝင်နိုင်အောင် ချိတ်ဆက်မှု ဒီထက်ကောင်းဖို့ လုပ်ဆောင်သင့်ပါတယ်။ သတ်မှတ်ချိန် အတိအကျ တစ်ခုလုပ်မှသာ ဒီထက် ပိုထိရောက်မယ်လို့ ယူဆတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံကို ရောက်ရှိသွားခဲ့စဉ် မြန် မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းကြောင်း အမေရိကန်သမ္မတ ဘားရက်ခ်အိုဘား မားက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့မှုအပေါ် အမေရိကန်နိုင်ငံရောက် ကရင်တိုင်းရင်းသားများက စိုးရိမ်မကင်းဖြစ်ကြသဖြင့် ယခုလို ဆန္ဒထုတ်ဖော် တောင်းဆိုလာရခြင်းဖြစ်သည်။
ထို့အပြင် အမေရိကန် နိုင်ငံသမ္မတ ဘားရက်ခ်အိုဘားမား၏ စက်တင်ဘာလက ကြေညာချက်အပြီး ရက်ပေါင်း ၆ဝအကြာတွင် အမေရိကန်အစိုးရမှ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး အထူးခံစားခွင့်ဖြစ်သည့် ရေထွက်ပစ္စည်း၊ သစ်အချောထည်၊ ကျောက် မျက်ရတနာ စသည့်ကုန်ပစ္စည်းများ အပါအဝင် ကုန်ပစ္စည်းအမျိုးအစားပေါင်း ၅၀ဝကို နိုဝင်ဘာလ ၁၃ရက်(ယမန်နေ့)မှစ၍ မြန်မာနိုင်ငံတွင် စတင် ဝယ်ယူရရှိနေပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ပဋိပက္ခကြောင့် ၁၉၉၄ခုနှစ်မှစကာ ယနေ့အချိန်ထိ နယ်စပ်ဒေသ ဒုက္ခသည်စခန်းမှတစ်ဆင့် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်အခြေချခဲ့သည့် ကရင် တိုင်းရင်းသား စုစုပေါင်း လူဦးရေ ၇သောင်းကျော်ရှိသည်ဟု အမေရိကန်ရောက် ကရင် အဖွဲ့အစည်း၏ ၂၀၁၅ခုနှစ် စာရင်းမှတ်တမ်းအရ သိရသည်။
ယခင်က အမေရိကန်နိုင်ငံရောက် ကရင်တိုင်းရင်းသားအချို့သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို သက်ဆိုင်ရာ ပြည်နယ်များအလိုက် စုပေါင်းဆန္ဒဖော်ထုတ်မှုရှိသော် အမေရိကန်သမ္မတ၏ အိမ်ဖြူတော်တွင် ဆန္ဒထုတ်ဖော်မှုမှာ ပထမဆုံးဖြစ်သည်။