နိုဝင်ဘာ ၁ဝရက်၊ ၂၀၁၆ ခုနှစ်။ နန်းဝေဖြိုးဇာ
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကရင်လူငယ်များ နှီးနှော ဖလှယ်ပွဲ တစ်ခုကို ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)မှ ဦးစီးပြီး ကရင်ပြည်နယ်၊ ဖားအံမြို့တောင်ကလေး ဘုန်းတော်ကြီး ကျောင်း၌ နိုဝင်ဘာလ ၉ ရက်နေ့တွင် စတင်ကျင်းပနေပြီး ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူများက ပြောသည်။
အဆိုပါ ကရင်လူငယ်များ နှီးနှော ဖလှယ်ပွဲကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကရင်လူငယ်များ ပါဝင်နိုင်မည့် အခန်းကဏ္ဍများ ရရှိရန်၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် လူငယ်များ ပါဝင်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၊ တွဲဖက် အတွင်းရေးမှူး ပဒိုစောပိုပိုတူးအောင်က ကေအိုင်စီသို့ ပြောသည်။
၎င်းက “ကျနော်တို့က လှုပ်ရှားနေတဲ့ တော်လှန်ရေးသမားနဲ့ တတ်သိပညာရှင်တွေ နိုင်ငံရေးသမားတွေနဲ့တော့ တွေ့ဆုံမှုတွေရှိတယ်။ ဒီကရင်လူငယ်နဲ့ ပတ်သက်ပြီးတော့ တွေ့ဆုံမှုလုပ်တာမရှိဘူး။ ဒါပထမ ဆုံးအကြိမ်ပါ။ အခုချိန်မှာ ဒီကရင်လူငယ်တွေရဲ့ ပံ့ပိုးမှုလည်း အင်မတန်မှ အရေးကြီးတယ်။ ပခုံးပြောင်း တာဝန်တွေ သူတို့ လည်းယူရမယ်။ သူတို့နဲ့ လက်တွဲရမှာဖြစ်လို့ ဒီပွဲကို ကျင်းပပေးတာ ဖြစ်တယ်” ဟု ပြောသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ကရင်ဘာသာရေးခေါင်းဆောင်များ၊ KNUဗဟိုမှ တာဝန်ရှိသူများ၊ နယ်စပ် အခြေ စိုက် ကရင်လူ ငယ်အစည်းအရုံး(KYO) ဗဟို တာဝန်ရှိသူများ၊ ပြည်တွင်းအခြေစိုက် ကရင်လူငယ်ကွန်ရက် (KYN) ဒေသအသီးသီးမှ ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံရေး ပါတီမှ ကိုယ်စားလှယ်များနှင့် ကရင်အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၅၇ ဦး တက်ရောက် ဆွေးနွေးခဲ့သည်။
နိုဝင်ဘာ ၉ မှ ၁၁ရက်နေ့ အထိ ကျင်းပမည့် နှီးနှောဖလှယ်ပွဲတွင် ကရင်လူငယ်အဖွဲ့အစည်းများ ဖြစ်သည့် KYO နှင့် KYN ကိုယ်စားလှယ်များက အဖွဲ့လုပ်ငန်းစဉ်နှင့် ဆောင်ရွက်ချက်များကိုတင်ပြဆွေးနွေး မည်ဖြစ်သလို ကရင်လူငယ်များ အနာဂတ် တည်ဆောက်မှုဆိုင်ရာနှင့် ပတ်သက်၍ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် အမျိုးသားရေးဆိုင်ရာ၊ နိုင်ငံရေး ဆွေနွေးမှု ဆိုင်ရာများတွင် လူငယ်များ တာဝန် ယူရ မည့် အခန်းကဏ္ဍများ ဆွေးနွေးသွားမည်ဟု ဦးဆောင်စီစဉ်သူများက ပြောသည်။
အလားတူ နှီးနှောဖလှယ်ပွဲ ရလဒ်များကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်သည့်အခါ လူငယ်များ အနေဖြင့် မိခင်ကေအဲန်ယူအဖွဲ့အစည်းနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားရန် မျှော်လင့်ထားသည်ဟု နှီးနှောဖလှယ်ပွဲ တက်ရောက်နေသည့် KYO၊ ဗဟိုစည်းရုံးရေးနှင့် ပြန်ကြားရေးတာဝန်ခံ စောအယ်ကော်က ယခုလို ပြောသည်။
“ဆွေးနွေးပွဲမှာ သဘောထားအမြင် အဆိုပြု တင်ပြတာတွေရှိမယ်။ အဓိကအားဖြင့် ဒီစည်းလုံးမှုနဲ့ ပူးပေါင်း ပါဝင်မှု အပိုင်းကို အဓိကဦးတည်ထားတယ်။ နောက်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ကရင်လူငယ် အနေနဲ့ ဘယ်လိုပူးပေါင်းပေါင်းမှုတွေ ဘယ်လိုထောက်ပံ့မှုတွေရနိုင်မလဲဆိုတာ အဓိကထား ဆွေးနွေးမယ်” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ဦးဆောင်ကာ နယ်ပယ်စုံ ကရင်အမျိုးသားများပါဝင်သည့် အကြိုဆွေးနွေးပွဲတစ်ခုကို အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်နေ့ထိ၊ ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ကဏ္ဍအလိုက် တာဝန်ခွဲဝေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။



















