(မောင်ကျော်စွာ)
(၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၂ဝရက်)
Patek Philippe နာရီလှိုင်း ဘောင်ဘင်ခတ်မှုကြောင့် “ပုဒ်မ ၆၆(ဃ)”ဟာ ပိုပြီး အမြှုပ်ထလာပါတယ်။
သို့ဖြင့် ဥပဒေတစ်ရပ် (ဝါ) ပုဒ်မတစ်ခုအပေါ် အခုလို တွေးတော စဉ်းစားမိပါတယ်။ ဒီစဉ်းစားမှုကို လိုအပ်သလို ဝေဖန်သုံးသပ် နိုင်ကြပါရန် အစီရင်ခံတင်ပြလိုက်ပါတယ်။
ဆိုကြပါစို့။
ပထမ
ကျွမ်းကျင်ပိုင်နိုင်တဲ့ ပန်းပဲဆရာက ထုလုပ်လိုက်သော ငှက်ကြီးတောင် ဓားတစ်လက်သည် သာမန်အားဖြင့် ဓားတစ်လက်သာ ဖြစ်ပါတယ်။ အလှအပအဖြစ် ချိတ်ဆွဲထားလိုသူအတွက်မူ ထိုငှက်ကြီးတောင်ဓါးသည် ဧည့်ခန်းနံရံထက်တွင် ဝင့်ကြွားသော အသရေဖြင့် အလှဆင်နေပေလိမ့်မယ်။ ထိုငှက်ကြီးတောင်ဓား၏ မျှော့ကြောင်း၌ မည်သည့်သွေးမျှ စွန်းပေစီးဆင်းစရာ အကြောင်းမရှိချေ။
သို့ဖြင့် ဟိန်းဟောက်သံ ကြုံးဝါးသံ၊ တောင်းပန်ငိုကြွေးသံ၊ သွေးညှီနံ့ စသည်တို့နှင့် ကင်းဝေးတဲ့ ထိုငှက်ကြီးတောင်ဓားသည် ဧည့်ခန်းဆောင် နံရံအထက်က အလှဆင်ဓားတစ်လက်သာ။
ဒုတိယ
ဒီလိုဆိုရင် ဒီငှက်ကြီးတောင်ဓားပဲ။ ဒါပေမယ့် ဓါးပြလက်ထဲမှာဆိုရင်ရော။ အများပြည်သူအပေါ် အနိုင်အထက်ပြုစရာ အတင်း အဓမ္မပြုရေး၊ ခြိမ်းခြောက်ရေးလက်နက် ဖြစ်သွားပါတယ်။ ဒီဓားမှာတော့ အများပြည်သူရဲ့ ဓနဥစ္စာတွေ၊ ချွေးနှဲစာတွေ၊ သွေးနဲ့ မျက်ရည်တွေ စွန်းထင်းပေကျံနေတော့မှာ အမှန်ပါပဲ။ သို့ဖြင့် ငှက်ကြီးတောင်ဓားဟာ ဓားပြလက်ထဲမှာ အဓမ္မပြုကျင့်စရာ လက် နက်အဖြစ် အသုံးတော်ခံနေရပြီ။
တတိယ
နောက်တမျိုး ထပ်ပြီး စဉ်းစားကြည့်ကြပါအုံးစို့။
ဒီငှက်ကြီးတောင်ဓားပါပဲ။ ဒါပေမယ့် ဒီဓားက ရွာသူရွာသားတွေရဲ့ လက်ထဲမှာဆိုရင်ရော။ ရည်ရွယ်ချက်က ရွာသူရွာသားတွေ ကို ဓားပြဘေးရန်ကနေ ကာကွယ်ပေးဖို့၊ အဓမ္မအနိုင်ကျင့်မှုတွေကို ခုခံကာကွယ်တွန်းလှန်နိုင်ဖို့။ ဒါဆိုရင် ဒီငှက်ကြီးတောင်ဓား ဟာ ရွာသူရွာသားတွေအတွက် အင်အား၊ စွမ်းပကား။ မတရားမှုနဲ့ ဓားပြအန္တရာယ်ကို ပိုင်းဖြတ်ထိုးခုတ်ပစ်မယ့် တကယ့် အသက်ဝင်ဓား။
ဒါဟာ သက်မဲ့လက်နက်ပစ္စည်းတစ်ခုဖြစ်တဲ့ ဓားတစ်လက်ရဲ့ အနှစ်သာရခြင်း ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်သုံးခု ဖြစ်ပါတယ်။
ဆိုလိုချင်တာက ဓားအပေါ်မှာ မတည်ဘူး။ ဘယ်သူ့လက်ထဲက ဓားလဲ။ ဘယ်လို ရည်ရွယ်ချက်အတွက် ဒီဓားကို သုံးစွဲသလဲ ဆိုတဲ့အချက်က အခရာဖြစ်တယ်ဆိုတာကို ပြောချင်တာပါ။
သို့ပါ၍ မတူကွဲပြားသည့် ရည်ရွယ်ချက်နှင့် လက်တွေ့ကျင့်သုံးမှုအပေါ် မူတည်၍ အနှစ်သာရအရ ကွဲပြားခြားနားသွားသော ငှက် ကြီးတောင်ဓားတစ်လက်၏ ဥပမာကို နည်းယူလျက် ဥပဒေတစ်ရပ် (ဝါ) ပုဒ်မတစ်ခုကိုလည်း စဉ်းစားဆင်ခြင်ကြည့်ကြပါစို့။
ပထမအခြေအနေ (ဧည့်ခန်းဆောင်နံရံပေါ်က ငှက်ကြီးတောင်ဓား)
ဥပဒေတစ်ရပ် (ဝါ) ပုဒ်မတစ်ခုဟာ ဧည့်ခန်းဆောင်နံရံပေါ်က ငှက်ကြီးတောင်ဓားကဲ့သို့ အလှပြရန်သက်သက် မဟုတ်ချေ။ တကယ်တော့ ဧည့်ခန်းဆောင်နံရံ၌ ချိတ်ဆွဲထားသော ဓားသည် ဓားဘဝ တုံးသွားသော၊ ဓားအဖြစ်မှ နိဂုံးချုပ်သွားသော ဓား တစ်လက်သာ ဖြစ်ပါတယ်။ ထိုနည်းတူပင် ဥပဒေတစ်ရပ်(ဝါ) ပုဒ်မတစ်ခုသည် ထိုသို့သော အခြေအနေမျိုး၌ မရှိအပ်။ တကယ့် လက်တွေ့ဘဝ၌လည်း ထိုသို့ မရှိနိုင်ချေ။
ဒုတိယအခြေအနေ (ဓားပြလက်ထဲက ငှက်ကြီးတောင်ဓား)
ဥပဒေတစ်ရပ် (ဝါ) ပုဒ်မတစ်ခုဟာ လူတစ်ယောက်၊ လူတစ်စု အကျိုးစီးပွားအတွက် ထင်ရာလုပ်ခွင့် မဟုတ်ပါ။ လူ တစ်စုက လူများစုအပေါ် ထာဝစဉ် အပေါ်စီးယူ၍ ဖိနှိပ်ချုပ်ချယ်ထားသော တင်းပုတ်၊ နှောင်ကြိုး၊ ကြာပွတ် မဖြစ်သင့်ချေ။ အကယ်၍ ဥပဒေတစ်ရပ် (ဝါ) ပုဒ်မတစ်ခုဟာ လူတစ်ဦး၊ လူတစ်စုအတွက် ထင်သလို အသုံးချခွင့်ရှိနေသည့် အနေအထား သည် ဓားပြလက်ထဲသို့ ရောက်ရှိနေသော ငှက်ကြီးတောင်ဓားပင်။ ထိုဓားသည် အများပြည်သူတို့၏ ဂုတ်ပေါ်တွင် အစဉ်ဝဲနေပါ တော့မယ်။
တတိယအခြေအနေ (ရွာသူရွာသားတွေလက်ထဲက ငှက်ကြီးတောင်ဓား)
ရွာသူရွာသားတွေလက်ထဲ ကိုယ်စီကိုင်ဆောင်ထားတဲ့ ငှက်ကြီးတောင်ဓားသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အလျဉ်းသင့်သလို ပြောဆိုနေသော ‘ဥပဒေသည် အများပြည်သူအား ကာကွယ်ရန် အကျိုးပြုရန် ဖြစ်သည်…’ ဆိုတဲ့သဘောပင် ဖြစ်ပါတယ်။ ရွာအပေါ် ရွာသူရွာသားများအပေါ် အချိန်မရွေး ကျရောက်လာနိုင်တဲ့ မည်သည့်ဘေးအန္တရာယ်ကိုမဆို ခုခံကာ ကွယ်တွန်းလှန်ပစ်နိုင်ရန်၊ ရွာနှင့် ရွာသူရွာသားများ အစဉ်သဖြင့် တည်တံ့ရန်၊ တိုးတက်ကြီးပွားရန် ရွာ၏ အရပ်ရပ် အနေအထား နှင့် စည်ပင်သာယာဝပြောမှုတို့ကို ထိန်းသိမ်း ကာကွယ်တိုးချဲ့ရန်ပင် ဖြစ်ပါတယ်။
ဤသို့သော အခြေအနေ၌မူ ဥပဒေတစ်ရပ်(ဝါ) ပုဒ်မတစ်ခုသည် လူတစ်ဦး၊ လူတစ်စုအတွက် မဟုတ်တော့ဘဲ လူထုအတွက် ဖြစ်လာပါလိမ့်မယ်။ ဤသို့သော အခြေအနေမှာ အသွင်သဏ္ဍာန်၊ အနှစ်သာရနှင့် လက်တွေ့ အကျိုးသက်ရောက်မှုတို့ တပေါင်း တစီးထဲ ဖြစ်တည်နေသည့် အနေအထားပင်ဖြစ်ပါတယ်။ သို့ဖြင့် ဥပဒေ တစ်ရပ်(ဝါ) ပုဒ်မတစ်ခုသည် ထိုသို့ လူထုအကျိုးစီးပွား အား အကာအကွယ်ပေးရန်အတွက်သာ ဖြစ်ရပေလိမ့်မယ်။
ဥပဒေတစ်ရပ်(ဝါ) ပုဒ်မတစ်ခုသည် လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို အကာအကွယ်ပေးသော ဥပဒေပုဒ်မလော၊ သို့တည်းမ ဟုတ် လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ကို ကန့်သတ်ပိတ်ပင်တားမြစ်ရန် သို့တည်းမဟုတ် ချေမှုန်းပစ်မည့် ဥပဒေပုဒ်မလော ဆို သည်ကို ဆန်းစစ်ကြပါလိမ့်မယ်။ ယင်းသို့သုံးသပ်ခြင်းမှာ ထိုဥပဒေ၊ ထိုပုဒ်မ၏ ရည်ရွယ်ချက်နှင့် အနှစ်သာရကို ဆန်းစစ်ခြင်းပင် ဖြစ်ပါတယ်။
ဒုတိယအပိုင်းမှာ ထိုဥပဒေ၊ ထိုပုဒ်မ၏ လက်တွေ့ကျင့်သုံးမှုအပိုင်း ဖြစ်ပါတယ်။
ထိုဥပဒေတစ်ရပ်၊ ထိုပုဒ်မတစ်ခုကို မည်သူက မည်သည့် ရည်ရွယ်ချက်ဖြင့် မည်သို့ အသုံးပြုနေသလဲ။
မိမိအား အပုပ်ချရန်၊ သိက္ခာကျစေရန် ပြောဆိုရေးသား ဖော်ပြနေမှုများကို ချေမှုန်းပစ်ရာ၌ အသုံးပြုနေသလား။
အကြင် ရေးသားဖော်ပြ ပြောဆိုထုတ်လွှင့်မှုတစ်ရပ်သည် တစ်စုံတစ်ယောက်၏ အသရေကို အမှန်ပင် ထိခိုက်နစ်နာစေသ လော။ ထိုသို့ ထိခိုက်နစ်နာစေသည်ဟု အဘယ်ပုံဖြင့် အထင်အရှားသက်သေပြနိုင်သနည်း၊ ထိုသို့ထင်ရှားစေကြောင်း အကြောင်းအကျိုးခိုင်လုံ တိကျမှသာလျှင် အကြင် စွပ်စွဲဖော်ပြချက်တစ်ခုသည် ပြစ်မှုကျူးလွန်ကြောင်း၊ ဥပဒေချိုးဖောက်မှုတစ်ခု ဖြစ်ကြောင်း ထင်ရှားစေရပါမယ်။
ထိုသို့ထင်ရှားစေကြောင်း ခိုင်လုံသည့် အထောက်အထားဖြင့် အကြောင်းအကျိုး ပြသနိုင်ခွင့်မရှိဘဲ၊ မပေးဘဲ ဖမ်းဆီး ချုပ်နှောင်ထားသည်မှာ မည်သု့ိမျှ တရားမျှတလိမ့်မည် မဟုတ်ချေ။
သို့အတွက် စွပ်စွဲသူနှင့် စွပ်စွဲခံရသူတို့သည် တရားရုံး သို့မဟုတ် အခြားညှိနှိုင်းဖျန်ဖြေရေးရုံးရှေ့မှောက်၌ မိမိစွပ်စွဲချက်နှင့် ချေပ ချက်များကို တိကျခိုင်လုံသော အကြောင်းအကျိုးများပြလျက် တန်းတူရည်တူ ဖြေရှင်းဆောင်ရွက်ခွင့် ရှိကြရမယ်။ နှစ်ဖက်အပြန် အလှန် တင်ပြချက်များကို နားထောင်၍ တည်ကြည်သောဆုံးဖြတ်ချက်ကို တရားရုံး သို့မဟုတ် ညှိနှိုင်းဖျန်ဖြေရေးရုံးက ပေးရပါ လိမ့်မယ်။
လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ ယုံကြည်ယူဆမှုတစ်ခုခုကိုဖြစ်စေ မဆင်မခြင် ထင်သလို ဆဲရေးပုတ်ခတ်နိုင်ရန် မဟုတ်ချေ။ ယင်းသို့သော အပြုအမူသည် လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်အား တလွဲအသုံးချခြင်း၊ မမှန်မကန် အသုံးပြုခြင်းမျိုးသာဖြစ်ပါလိမ့်မယ်။
ထိုနည်းတူပင် ကြောင်းကျိုးတိကျခိုင်လုံစွာ ရေးသားဖော်ထုတ် ပြောဆိုချက်တစ်ရပ်အား တည်ဆဲဥပဒေ သို့မဟုတ် ပုဒ်မတစ်ခုခု ကို လက်နက်သဖွယ် အသုံးချပြီး ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း၊ အချိန်ကာလသတ်မှတ်၍ (ဆိုင်းငံ့စေခြင်း)များသည် အရင်းစစ် လိုက်လျှင် လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်အား နှိပ်ကွပ်ခြင်းသာဖြစ်ပါတယ်။
သို့ပါ၍ ဖော်ပြပါ အမူအကျင့် နှစ်ရပ်စလုံးကို ဆန့်ကျင်ကြရမည်သာ ဖြစ်ပါတယ်။ ထိုအခြေအနေနှစ်ရပ်ဖြင့် ချိန်ထိုး၍ ပေါ်ပေါက် လာသည့် ဖြစ်ရပ်များအပေါ် ဆန်းစစ်အကဲဖြတ်ကြရမည်ဟု ယူဆပါတယ်။
တရားဥပဒေစိုးမိုးရေးဆိုသည်မှာ တရားသဖြင့် ရေးသားအတည်ပြု ပြဋ္ဌာန်းထားသည့် ဥပဒေများ၏ စိုးမိုးရေးသာဖြစ်ရပါမယ်။ တစ်ဦးတစ်ယောက်အတွက် သို့မဟုတ် လူတစ်စု၏ (အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်) အကျိုးစီးပွားအတွက် စိတ်ကြိုက်ရေးဆွဲ၊ အတင်းအဓမ္မ အတည်ပြုထားသည့် ဥပဒေများဖြင့် ချုပ်ကိုင်လွှမ်းမိုးထားခြင်းမျိုး လုံးဝ (လုံးဝ) မဖြစ်သင့်ချေ။ (၂၀၀၈ အခြေခံဥပ ဒေသည် စစ်အုပ်စုက စိတ်ကြိုက်ရေးပြီး၊ အဓမ္မအတည်ပြုခဲ့တဲ့ ဥပဒေဖြစ်ပါတယ်)
ထို့အပြင် အငြိုးအာဃာတဖြင့် ဥပဒေတစ်ရပ် (ဝါ) ပုဒ်မတစ်ခုအား မူလရည်ရွယ်ချက် အနှစ်သာရမှ သွေဖီပြီး တလွဲအသုံးချကာ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်အား နှိပ်ကွပ်ခြင်းမှာ လုံးဝ မဖြစ်သင့်၊ မဖြစ်ထိုက်ချေ။ ဤအပြုအမူသည် တနည်းအားဖြင့် ဥပဒေကို အလွဲသုံးစားပြုခြင်း၊ ဥပဒေချိုးဖောက်ခြင်းသာ ဖြစ်ပါတယ်။ ဥပဒေ၏ ဥပဓိရုပ်ကိုထိခိုက်စေပြီး ဥပဒေ၏ မူလ အနှစ် သာရကို ပျက်ယွင်းစေပါသည်။
အုပ်စိုးသူအစိုးရ အဆက်ဆက်သည် ဥပဒေချိုးဖောက်လိုသောအခါ “ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ”ဟူသော စကားပိုဒ်ကို တွင်တွင်အသုံးပြုလျက် ဥပဒေကို စိတ်ကြိုက်ချိုးဖောက်၍ ထင်သလိုလုပ်လေ့ရှိပါတယ်။ ထိုသို့ “ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မည်သို့ပြဋ္ဌာန်းပါရှိစေကာမူ” ဆိုတဲ့ ထင်သလိုလုပ်ပိုင်ခွင့်ကို “ကာချုပ်”ထံ ပေးအပ်ခြင်းလည်း ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ(ခ)၌ ထိုစကားပိုဒ် အတိအလင်း ပါရှိပါတယ်။
ထိုသို့ရေးသားပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ပုဒ်မများသည် မတရားသော ဥပဒေများ၊ ပုဒ်မများသာ ဖြစ်ပါတယ်။ ထိုဥပဒေများ၊ ပုဒ်မများ၏ စိုးမိုးမှုမှာ မတရားသော ဥပဒေများ၏ စိုးမိုးရေးသာဖြစ်ပြီး ထိုသို့သော ဥပဒေစိုးမိုးမှုနှင့် ထိုသို့သော အမိန့်၊ ဥပဒေနှင့် ပုဒ်မများကို တာဝန်အရ ဆန့်ကျင်ကြရမယ်၊ တာဝန်အရ တိုက်ဖျက်ကြရပါမယ်။
ယနေ့လက်ရှိ မြန်မာနိုင်ငံ၌ ၂၀၀၈ အခြေခံဥပဒေ အပါအဝင်၊ အခြားတည်ဆဲဥပဒေများ၏ အနေအထားသည် ဓားပြလက်ထဲက ငှက်ကြီးတောင်ဓားကဲ့သို့ပင် ဖြစ်နေပါတယ်။