နိုဝင်ဘာ ၈ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်တွင် မကြာခင်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများဖြင့် စည်ပင်လာတော့မည်ဖြစ်ရာ ရှေ့ကို မျှော်ကြည့်လျှင် အမှန်ပင် အားတက်ဝမ်းမြောက်ရသည်ဟု နိုဝင်ဘာလ ၇ရက်နေ့တွင် ကျ ရောက်သည့် ၆၁ကြိမ်မြောက် ကရင်ပြည်နယ်နေ့အတွက် ပေးပို့သည့် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ သဝဏ်လွှာထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
“တစ်ချိန်က တိုက်ပွဲများဖြင့် ယမ်းငွေ့ဝေခဲ့သော ကရင်ပြည်နယ်သည် မကြာခင်ကာလအတွင်း စက်ရုံ၊ အလုပ်ရုံများဖြင့် စည်ပင်လာတော့မည်ဖြစ်ရာ ရှေ့ကို မျှော်ကြည့်လျှင် အမှန်ပင် အားတက် ဝမ်းမြောက်ရပါသည်။ များမကြာခင် ကာလများအတွင်း ကရင်ပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းကောင်းများ ကြားသိရသည့်အတွက်လည်း များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။”ဟု သမ္မတက ပြောသည်။
ကရင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖွံ့ဖြိုးတိုးတက်မှုအားနည်းခဲ့ရပြီး စစ်ဘေး စစ်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ သာမက နှစ်ပေါင်းများစွာအတွင်း မျိုးဆက်အလိုက် လူ ငယ် များ၏ အနာဂတ်များ ဆုံးရှုံးခဲ့ရကြောင်း၊ ယနေ့ ကရင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာခြင်းကြောင့် ပြည်နယ်သူ ပြည်နယ်သားများ အနေဖြင့် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ရရှိခံစား နေကြရပြီဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များလည်း ရရှိနေပြီဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဆက်ပြောသည်။
သမ္မတ၏ သဝဏ်လွှာအပေါ် ပြည်သူ့လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူ ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီမှ ဒေါ်နန်းစေအွာက “ပြည်နယ်ဒေသ နိုင်ငံတစ်ခုမှာ စက်ရုံအလုပ်ရုံများလာရင်ဆိုတာ လောက်ပဲ အဲဒီဒေသဟာ ဖွံ့ဖြိုးတယ်လို့ယူဆလို့ မရဘူးလို့၊ အဲဒီပြည်နယ်ဒေသရဲ့ လိုအပ်နေတဲ့ ဒီမိုကရေစီ ရေး၊ ငြိမ်းချမ်းရေး၊ တရားလွတ်လပ်မျှတတဲ့အရေးတွေအားလုံးကို၊ ပဋိပက္ခဖြစ်စေတဲ့အရာ မျိုးတွေ ကို အရင် ဆောင်ရွက်သင့်တယ်။ ဒါလေးတွေ ငြိမ်းချမ်းမှ ကျမတို့ တိုးတက်တဲ့လမ်းစဉ်ကို ဆက်ပြီး လုပ်ရမှာဖြစ်ပါတယ်လို့ အဲလိုပဲ ပြောချင်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက် သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ဆောက်ရာတွင် တိုင်းရင်းသား အားလုံး တန်းတူရည်တူ ပါဝင်ဖော်ဆောင်နိုင်ရေးသည် အထူးအရေးကြီးကြောင်း၊ ပြည်ထောင်စု၏ နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းအဖြေရှာသော နိုင်ငံရေး ဆွေးနွေးပွဲ များမှတစ်ဆင့် မိမိတို့အားလုံး မျှော်မှန်းသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အခြေခံမူဝါဒများ ထွက်ပေါ်လာမည်ဟု အခိုင်အမာယုံ ကြည်ထားကြောင်းလည်း နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာထဲတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ပြည်နယ်အစိုးရအဖွဲ့မှ ကရင်ပြည်နယ်၊ စက်မှုလက်မှုဖွံ့ဖြိုးရေး ဥပဒေကြမ်းကို တင်သွင်းခဲ့သေးသည်ဟု သိရသည်။
သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် ၁၉၅၁ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပြင် ဆင်ချက်အက်ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးသော နိုဝင်ဘာလ ၇ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှစတင်၍ ကရင်ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုနှစ်အထိဖြစ်သည်။
နိုဝင်ဘာ ၇ရက်မှ ၁၁ရက်နေ့အထိ ကျင်းပသည့် ၆၁နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်တွင် KNU-ငြိမ်းချမ်းရေးပြခန်း၊ ကရင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုပြခန်း၊ ကရင်အမျိုး သမီးများဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့-KWEG၏ ပြခန်း၊ ဂျပန်နိပွန်ဖောင်ဒေးရှင်းပြခန်း၊ ပြည်နယ်တွင်းရှိ NGOs များ ဋ္ဌာနဆိုင်ရာ ပြခန်းများ အပါအဝင် ပြခန်းပေါင်း ၃၀ကျော်နှင့် ဈေးဆိုင်ခန်း ၂၀ဝ ဝန်းကျင် ပြသ၊ ရောင်းချလျှက်ရှိသည်။
ထို့အပြင် ဇာတ်သဘင်ပွဲများ၊ လှေလှော်ပြိုင်ပွဲ၊ ကရင်ရိုးရာဇတ်သဘင်ပွဲ၊ ရိုးရာဖက်ရှင်ပြိုင်ပွဲ၊ ကာယအလှမယ်နှင့် ကာယအလှမောင်ပြိုင်ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ စက်ဘီးပြိုင်ပွဲ၊ ဒုံးအကအလှပြိုင်ပွဲ နှင့် ရိုးရာလက်ဝှေ့ပွဲများကိုလည်း ပွဲတော်တွင် ထည့်သွင်းကျင်းပခဲ့ကြသည်ဟု သိရသည်။