နိုဝင်ဘာ ၁၈ ရက်၊ ၂၀၁၆ ခုနှစ်။ စောခါးစူးညား
တည်ဆောက်ပြီးစီးပြီဖြစ်သော်လည်း ခိုင်ခံ့မှုမရှိဟု ဝေဖန်ခံရသော မွန်ပြည် နယ်၊ ဘီးလင်းမြို့နယ် လေးကေ ကျေးရွာအုပ်စုရှိ မြစ်ကျိုး(ပယာရော) ကျေး ရွာမူလတန်းစာသင်ကျောင်းဆောင်သစ် တစ်ဆောင်ကို ကရင်အမျိုး သားအ စည်းအရုံး(ကေအဲန်ယူ) သထုံခရိုင် ပညာရေးဌာန အတွင်း ရေးမှူး ပဒိုစော ကြည်စိုးနှင့် ဘီးလင်းမြို့နယ် မြန်မာအစိုးရ ဒု-ပညာရေးမှူး ဦးလွင်မောင်စိုးတို့ ဦးစီး၍ နိုဝင်ဘာ ၁၆ရက်နေ့က ပူးတွဲစစ်ဆေးခဲ့သည်။
မြို့နယ်အစိုးရ၏ အစီအစဉ်ဖြင့် ၂၀၁၅ ခုနှစ် ဇွန်လက တည်ဆောက်ပြီးစီးခဲ့ သည့် ယင်းကျောင်းဆောင်သစ်နှင့် ပတ်သက်၍ ကျေးရွာကျောင်းကော်မတီ၊ ကျောင်းဆရာ ဆရာမ အချို့တို့၏ တင်ပြမှုကြောင့် အခြေအနေမှန်ကို သိရှိနိုင် ရန် ကေအဲန်ယူ သထုံခရိုင် ပညာရေးဌာန အတွင်းရေးမှူး နှင့် ဘီးလင်းမြို့နယ် မြန်မာအစိုးရ ဒု-ပညာရေးမှူး အဖွဲ့တို့သည် ထိုနေ့ နေ့လည် ၁နာရီကျော်အချိန်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကျောင်းဆောင်သစ်ကို သွားရောက်စစ်ဆေးခဲ့သည့် ဘီးလင်းမြို့နယ်၊ အစိုးရ ဒု-ပညာရေးမှူး ဦးလွင်မောင်စိုးက “ဒီကျောင်းဆောင်သစ်က ဒီက (ရွာသား တွေ)အမြင်က လက်မခံသေးဘူး။ ဆရာ့ အမြင်နဲ့ကလည်း လက်မ ခံနိုင် ဘူးလေ။ ကျောင်းက လိုအပ်ချက်လေးတွေ ရှိတယ်။ သော့ခတ် ထားတော့ အထဲကိုတော့ ဝင်ကြည့်လို့ မရဘူး။ အပြင်ဘက်မှာ တွေ့ရတာ တော့ တချို့နေရာတွေ ကျွံတာ၊ ပေါက်တာတော့ ရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယခု ဖြစ်စဉ်အပေါ် ကျေးရွာရှိ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လက်မှတ် ထိုး၍ ပြန်တင်ပြသွားမည် ဖြစ်ကြောင်းနှင့် အစိုးရခန့်နှင့် ကရင်ပညာရေး ဌာနခန့်(ကျေးရွာခန့်) ကျောင်းဆရာ ဆရာများ အနေဖြင့် အတူတကွ ညီညီညွှတ်ညွှတ် ပူးပေါင်းလုပ်ဆောင်ကြရန် ပြောကြားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် ကျောင်းဆောင်သစ် စစ်ဆေးပြီးနောက် လက်ရှိ ဖွင့်လှစ်ထားသော မြစ်ကျိုးမူလွန်ကျောင်းသို့လည်း ကေအဲန်ယူ သထုံခရိုင် ပညာရေးဌာန အတွင်းရေးမှူးနှင့် ဘီးလင်းမြို့နယ် မြန်မာအစိုးရ ဒု-ပညာရေးမှူး အဖွဲ့တို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
“ဒီကျောင်းဆောင်သစ်ကို ကျနော်တို့ အရင်တစ်ခါ လာကြည့်ပြီးပြီ။ လာကြည့်ပြီးနောက်မှာ အစိုးရက စာတင်သေးတယ်။ ဒါပေမဲ့ မလာဘူး။ အခုတစ်ကြိမ် လာကြည့်တာ သူ(ဆရာ လွင်မောင်စိုး)လည်း ပါတော့ အခြေ အနေမှန်ကို သူသိရတယ်။ သူနဲ့ ကျနော်တို့ တိုင်ပင်မယ်။ အခြေအနေတွေကိုတော့ ဒီတစ်ပတ်အတွင်းမှာပဲ မြို့နယ်အဆင့်ကို တင်ပြသွားဖို့ ရှိတယ်။ တကယ်လို့ အကြောင်းမထူးရင် ခရိုင်အထိ အဆင့်ဆင့် တင်ပြသွားမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခု လာရောက်စစ်ဆေးခံရသည့် ကျောင်းဆောင်သည် တည်ဆောက်ပြီးစီး၍ ကျေးရွာတာဝန်ရှိသူများထံ လွှဲပြောင်းအပြီး တစ်လအတွင်းမှာပင် မျက်နှာကြက် ပြိုကျခြင်း၊ နံရံနှင့် ကြမ်းခင်း အက်ကွဲခြင်းများ ဖြစ်ပွားကာ တစ်ကြိမ်လာရောက်ပြုပြင်မှု ရှိသော်လည်း ယခုအချိန်ထိ ဆက်လက်ပျက်စီးမှုများရှိသည့်အတွက် တက်ရောက် ရန် မသင့်သေးကြောင်း ကျေးရွာ မိဘဆရာများနှင့် ကေအဲန်ယူ တာဝန်ရှိသူများက ပြောဆိုထားခြင်းလည်း ဖြစ်သည်။
ထို့အပြင် ယခု ကျောင်းဆောင်သစ် နံဘေးတွင် ဆွီဒင်နိုင်ငံအလှူရှင် SDC ခေါ် အဖွဲ့တစ်ခု၏ ကူညီထောက်ပံ့ မှုဖြင့် မောင်တင့်ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သည့် ကျောင်းဆောင်သစ် တစ်ဆောင်လည်းရှိပြီး ခိုင်ခံ့ လျှက်ရှိသည်ဟု ကျေးရွာဒေသခံများက ဆိုသည်။ သို့သော် အစိုးရတည်ဆောက်ထားသည့် ကျောင်းဆောင် သစ်ကို အသုံးမပြုသေးသည့်အတွက် အဆိုပါ SDC ကျောင်းဆောင်ကိုသာ ဖွင့်လှစ်ပါက ကျောင်းသားဦးရေ မဆံ့သဖြင့် အလားတူစွာ မဖွင့်လှစ်ဘဲ ထားရှိခဲ့ကြောင်း ကျေးရွာဒေသခံများက ဆိုသည်။
လေးကေကျေးရွာအုပ်စုတွင် လေးကေ၊ နေမင်းအောင်(လယ့်ကလောက်)၊ မြစ်ကျိုး (ပယာရော)၊ သူးကဘီးနှင့် ကျောက်တောင်လေး(လယ့်ဖိုး) စသည့် ရွာ ၅ရွာ တည်ရှိပြီး ၎င်းရွာအားလုံးမှ ကျောင်းများသည် အစိုးရကျောင်း အဖြစ် သတ်မှတ်ထားသည်။ ယခု စာသင်နှစ်၌ မြစ်ကျိုးစာသင်ကျောင်းတွင် သူငယ်တန်းမှ အဋ္ဌမတန်းအထိ ကျောင်းသူကျောင်းသားပေါင်း ၃၀ဝ ခန့် ရှိသည်ဟု မြစ်ကျိုးကျောင်း၏ ကျောင်းသားဦးရေစာရင်းအရ သိရသည်။


















