ဇူလိုင် ၇ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်လူမျိုးများကို အခြေခံသည့် ကရင်ပါတီ ၅ခုအနက် ရွေးကောက်ပွဲတွင် တစ်ဦးသာအနိုင်ရသည့်အတွက်ကြောင့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစု ပင်လုံ)တွင် အနိုင်ရပါတီသာ တက်ခွင့်ပြုမည်ဆိုပါက ကရင်တစ်မျိုးသားလုံးအား ကိုယ်စားပြုနိုင်မည်မဟုတ်ဟု ကရင်တိုင်းရင်းသားပါတီများက ယနေ့ ပြောဆိုလိုက်သည်။
ငြိမ်းချမ်းရေးညီလာခံအတွက် နိုင်ငံရေးပါတီ ၉၀ကျော်ရှိသည့်အနက် အားလုံးပါဝင်ရန် မဟုတ်ဘဲ လွှတ်တော်တစ်ခုခုတွင် အနည်းဆုံး ကိုယ်စားလှယ်တစ်ဦး ပါဝင်သည့် နိုင်ငံရေးပါတီကိုသာ ထည့်သွင်းရန် ကိုင်စွဲထားသည်ဟု မေလ ၂၈ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ အစည်းအဝေး(UPDJC)တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားထားမှုအပေါ် ကရင်ပါတီများအနေဖြင့် ယခုလို သဘောထားပေး ပြောဆိုလာကြ ခြင်း ဖြစ်သည်။
ကရင်ပါတီ ၅ခုမှ တစ်ဦးတည်း ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် ကရင်ပြည်သူ့ပါတီ(KPP)မှ စောဂျေအေဝင်းမြင့်က “၂၁ရာစု ပင်လုံမှာ ကရင်ပါတီများအားလုံးကိုယ်စား မည်သူတက်ရောက်ရမှာကို မသိရသေးတဲ့အပြင် အနိုင်ရ ကရင်ပါတီကိုယ်စားလှယ် တစ်ဦးသာ တက်ခွင့်ရမယ်ဆိုရင် ကရင်မပါတဲ့ ညီလာခံဖြစ်သွားမယ်။ တစ်ဦးတည်းဆိုရင် ကျနော်လည်း တက်မှာမဟုတ်ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP)၊ ကရင်ပြည်နယ် ဒီမို ကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(KSDDP)၊ ကရင်ပြည်သူ့ပါတီ(KPP)နှင့် ကရင်အမျိုးသား ပါတီ(KNP) စသည့် ကရင်ပါတီများ ဝင်ရောင်ယှဉ်ပြိုင်ခဲ့ရာတွင် ကရင်ပြည်သူ့ပါတီမှ တစ်ဦးသာ အနိုင်ရရှိခဲ့သည်။
မကြာမီ ကျင်းပသွားရန်ရှိသည့် ၂၁ရာစုပင်လုံအပေါ် ကရင်ပြည်နယ်အခြေစိုက် PSDP ဒုဥက္ကဌ မန်းအောင်ပြည်စိုးကလည်း “အနိုင်ရပါတီများကိုသာ တက်ရောက်ခွင့်ပေးတဲ့အတွက် ရှုံးတဲ့ပါတီတွေက မဲဆန္ဒရှင်များကို ကိုယ်စားပြုခြင်း မရှိဘူးလား။ (ညီလာခံမှာ) အနိုင်ရတဲ့ပါတီ ၂၂ပါတီဟာ တစ်ပြည်လုံးမှာရှိတဲ့ မဲဆန္ဒရှင်အားလုံးရဲ့သဘောဆန္ဒ၊ အထူးသဖြင့် တိုင်းရင်းသား တွေရဲ့ သဘောဆန္ဒ ပါသွားပါ့မလား စိုးရိမ်ပူပန်ချက် သံသယရှိနေတယ်”ဟု ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံတွင် ပါဝင်သင့်ပါဝင်ထိုက်သည့်ပုဂိ္ဂုလ်များကို ဦးစားပေးသွားရန်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂိ္ဂုလ်က ပြောဆိုထားပြီး ညီလာခံကို လာမည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။


















