Home သတင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်လာနိုင်‌ရေး ကြိုးပမ်းရန် အပါအဝင် သ‌ဘောထား ၃ခု လက်မှတ်ထိုး ၈ဖွဲ့ ဆုံးဖြတ်

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်လာနိုင်‌ရေး ကြိုးပမ်းရန် အပါအဝင် သ‌ဘောထား ၃ခု လက်မှတ်ထိုး ၈ဖွဲ့ ဆုံးဖြတ်

1819
ဇူလိုင် ၂၁ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာနိုင်‌ရေး ဆက်လက်ကြိုးပမ်း မည့် ဆုံးဖြတ်ချက်အပါအဝင် ဆုံးဖြတ်ချက် သ‌ဘောထား သုံးခုကို (NCA) လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ NCA-S EAO ‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေးအပြီး ဇူလိုင် ၂ဝ ရက်‌နေ့၌ သ‌ဘောထားထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဇူလိုင် ၁၈မှ ၂ဝ ရက်‌နေ့အထိ ကျင်းပသည့် NCA ထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ ရှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ(RCSS)၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ပအိုဝ်းအမျိုးသား လွတ်‌မြောက်‌ရေးအဖွဲ့ချုပ်(PNLO)တို့၏ ‌ခေါင်း‌ဆောင်များအစည်းအ‌ဝေးအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက “ကျ‌နော်တို့ အစည်းအ‌ဝေးဆုံးဖြတ်ချက်အရ ၂၁ ပင်လုံညီလာခံမှာ‌ရော၊ မိုင်ဂျာယန်မှာလုပ်မယ့် အစည်းအ‌ဝေးမှာ‌ရော၊ ကျ‌နော်တို့အ‌နေနဲ့ အခု ထုတ်ပြန် ချက်မှာပါတဲ့ ဆုံးဖြတ်ချက်ချထားတဲ့ သ‌ဘောထားအတိုင်းပဲ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစည်းအ‌ဝေးတွင် NCA-S EAO (၈)ဖွဲ့မှ ‌ခေါင်း‌ဆောင်များ၊ အကြံ‌ပေး ပုဂ္ဂိုလ်များအပါအဝင် ၄၁ဦး တက်‌ရောက်ခဲ့ကြပြီး ၂၁ပင်လုံညီလာခံအတွက် ကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် ‌ဆွေး‌နွေးရမည့်အချက်များ၊ ကချင်ပြည်နယ်၊ မိုင်ဂျာယန်အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးမည့် အချက် ၄ချက်နှင့်ပတ်သက်ပြီး သ‌ဘောထားများကို စုစည်းခဲ့ကြခြင်းဖြစ်သည်ဟုလည်း ပဒိုကွယ်ထူးဝင်းက ဆက်‌ပြောသည်။

အဆိုပါ သ‌ဘောထားထုတ်ပြန်ချက်အရ NCA မှာ စစ်‌ရေးပဋိပက္ခ ရပ်တန့်‌ရေးနှင့် နိုင်ငံ‌ရေးပြဿနာများကို ‌ဖြေရှင်းမည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ဖြစ်‌ပေါ်လာ‌ရေး လမ်းစဖြစ်သည့်အတွက် အခြား‌သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်လာနိုင်‌ရေး ဆက်လက်ကြိုးပမ်းမည်ဖြစ်‌ကြောင်း ပါရှိသည်။

၎င်းအပြင် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများမှ ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေး သ‌ဘောတူညီမှုရသည် အထိ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ၊ နိုင်ငံ‌ရေးပါတီများ၊ အစိုးရ၊ တပ်မ‌တော်တို့နှင့် ဆက်လက်အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားမည်ဟု သ‌ဘောထား ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

လာမည့် ဇူလိုင် ၂၆ရက်မှ ၂၉ ရက်‌နေ့အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်တွင်းတိုင်းရင်းသား နိုင်ငံ‌ရေးပါတီများ ပါဝင်မည့် မိုင်ဂျာယန် မျက်နှာစုံညီအစည်းအ‌ဝေး ကျင်းပရန်ရှိပြီး ယင်းအစည်းအ‌ဝေး မတိုင်မီ ယခု NCA-S EAO ‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေးကို ကျင်းပခြင်း ဖြစ်သည်။