Home သတင်း မြဝတီတွင် ဂက်စ်ကား ၂စီး တားဆီးခံရမှု ထပ်မံ ဖြစ်‌ပေါ်

မြဝတီတွင် ဂက်စ်ကား ၂စီး တားဆီးခံရမှု ထပ်မံ ဖြစ်‌ပေါ်

1818

ဇူလိုင် ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့မှတစ်ဆင့် နယ်စပ်ဂိတ်ကို ဖြတ်‌ကျော်ပြီး မြဝတီမြို့သို့ တရားဝင်‌ရောက်ရှိလာသည့် မင်းပြည့်စုံကုမ္ပဏီ ပိုင် ဂက်စ်ကား ၂စီးမှာ ဇူလိုင် ၁ဝရက်(ယမန်‌နေ့)‌နေ့လည် ၂နာရီအချိန်ခန့်က မြဝတီမြို့ အမှတ် (၅)ရပ်ကွက်အပိုင် ကားဝင်း ‌ဟောင်းအနီးတွင် တားဆီးခံရသည့်ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၎င်းဂက်စ်ကားများကို မြဝတီနယ်စပ်‌ဒေသ ‌ရေနံဓါတ်‌ငွေ့ရည်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက တားဆီးခဲ့ ခြင်းဖြစ်သည်ဟု သိရပြီး ထိုသို့ ထပ်မံတားဆီးခဲ့ရသည့် ကိစ္စနှင့်ပတ်သက်၍ အသင်း၏ အတွင်း‌ရေးမှူး‌စော‌အောင်ချစ်က ‌ကေ အိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ တားဆီးရတဲ့အ‌ကြောင်းရင်းက အသင်းအဖွဲ့ဝင်‌တွေဖြစ်တဲ့ ကုမ္ပဏီတစ်ခုမှာ တစ်လမှာ ကားဘယ်နှစ်စီးပဲ သွင်းရ မယ်လို့ သတ်မှတ်ထားတာ ရှိပါတယ်။ အခုဂက်စ်ကား သွင်းလာတဲ့ကုမ္ပဏီက ၁၅စီး‌လောက် ဖြစ်‌နေပြီ။ အသင်းရဲ့သတ်မှတ် ချက်ထက် ‌ကျော်လွန်သွားလို့ တားဆီးတာဖြစ်ပါတယ်”ဟု ‌ပြောသည်။

မြဝတီနယ်စပ်‌ဒေသ ‌ရေနံဓါတ်‌ငွေ့ရည်လုပ်ငန်းရှင်များအသင်းကို ကုမ္ပဏီစုစု‌ပေါင်း ၆ခုဖြင့် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး အသင်း၏ ချမှတ်ထားသည့် စည်းကမ်းချက်များအရ အသင်းဝင် ကုမ္ပဏီတစ်ခုလျှင် တစ်လဂက်စ်ကား ၈စီးသာ အများဆုံး တင်သွင်းခွင့်ပြုထား‌ကြောင်း သိရသည်။

“ကျ‌နော်တို့အ‌နေနဲ့ကလည်း တရားဝင်တင်သွင်းခွင့်ရထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ်ပဲ တင်သွင်းချင် တဲ့ ဆန္ဒရှိပါတယ်။ အဲဒီအတွက် နှုတ်ထွက်စာတင်ထားတဲ့အ‌ပေါ်မှာလည်း ဘာမှ အ‌ကြောင်းပြန်ကြားခြင်း မရှိ‌သေးပါဘူး။ စည်း မျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း‌တွေကိုလည်း လာမယ့် ဇွန်လိုင် ၁၃ရက်အစည်းအ‌ဝေးမှာ ဆုံးဖြတ်ဖို့ရှိပါတယ်။ အဲဒီအချိန်ကျ ရင်လည်း ကျ‌နော်တို့က မူ‌ဘောင်ထဲကပဲ ‌ပြောဆို‌ဖြေရှင်းသွားမှာဖြစ်ပါတယ်”ဟု မင်းပြည့်စုံကုမ္ပဏီမှ မန်‌နေးဂျင်းဒါရိုက်တာ ဦးမြင့်ထွန်းက ‌ပြောသည်။

မင်းပြည့်စုံကုမ္ပဏီသည် အသင်း၏အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်စာတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြီးခဲ့ သည့် ဇွန်လ ၁၄ရက် ‌နေ့က တရားဝင်တင်သွင်းလာသည့် ၎င်းကုမ္ပဏီပိုင် ဂက်စ်ကား ၄စီးကို အသင်းတာဝန်ရှိသူများနှင့်အတူ ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်အချို့မှ သတ်မှတ်ချက်စည်းကမ်းများနှင့် မညီဟု ဆိုကာ အလားတူ တားဆီးမှုများဖြစ်‌ပေါ်ခဲ့ဖူးသည်။

ယမန်‌နေ့က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် အသင်းတာဝန်ရှိသူများမှ တရားဝင်တင်သွင်းလာသည့် ဂက်စ်ကား‌သော့များကို သိမ်း ဆည်းသည်အထိ တင်းမာမှုဖြစ်ပွားသဖြင့် မြဝတီမြို့တွင်း လုံခြုံ‌ရေးတာဝန်ရှိသည့် နယ်ခြား‌စောင့်တပ် BGF ဗိုလ်မှူးတစ်ဦး သွား‌ရောက်‌ဖြေရှင်းရာမှ ထိုအသင်း တာဝန်ရှိသူများနှင့် အပြန်အလှန် အချင်းများမှုများ ဖြစ်‌ပေါ်ခဲ့‌သေး‌ကြောင်း သိရသည်။

မြဝတီနယ်စပ်‌ဒေသ ‌ရေနံဓါတ်‌ငွေ့ရည်လုပ်ငန်းရှင်များအသင်းတွင် ကရင်လက်နက်ကိုင်များပိုင်ဆိုင်သည့် ကုမ္ပဏီများအပြင် အခြား‌သောလုပ်ငန်းရှင်များပိုင်ဆိုင်သည့်ကုမ္ပဏီများပါဝင်ပြီး ဂက်စ်တင်သွင်းမှုနှင့် ပတ်သက်၍ အသင်းဝင်အချင်ချင်း မ‌ကျေ လည်မှုများ မကြာခဏဖြစ်‌ပေါ်‌လေ့ရှိသည်။