Home သတင်း ဝင်း‌ရော်‌ဒေသ ကရင်စာယဉ် တည်တံ့တိုးတက်ပြန့်ပွား‌ရေးအဖွဲ့ရုံး ပထမဦးဆုံး ဖွင့်လှစ်

ဝင်း‌ရော်‌ဒေသ ကရင်စာယဉ် တည်တံ့တိုးတက်ပြန့်ပွား‌ရေးအဖွဲ့ရုံး ပထမဦးဆုံး ဖွင့်လှစ်

2194

ဇူလိုင် ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၏ ပထမဦးဆုံး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု တည်တံ့တိုးတက်ပြန့်ပွား ‌ရေးအဖွဲ့ရုံးကို ယ‌နေ့ (ဇူလိုင်လ ၁၁ရက်)တွင် ဒိုင်လွတ်နှင့် တမို့‌ဝေါင်း‌ကျေးရွာအကြားရှိ လယ်ကွက်‌မြေတစ်‌နေရာ၌ ဖွင့်လှစ် လိုက်သည်။

ကရင်စာ‌ပေလုပ်ငန်း စနစ်တကျ စီမံ‌ဆောင်ရွက်နိုင်ရန်နှင့် ရုံးလုပ်ငန်းအတည်တကျ ပုံမှန် လည်ပတ်နိုင်ရန် ရည်ရွယ်ကာ ဒိုင် လွတ်‌ကျေးရွာမှ ‌စောတင်‌အောင်၊ နန်းရီရီဝင်းနှင့် ‌စော‌ရွှေတို့‌မောင်နှမတစ်စု လှူဒါန်းထား‌သော ‌ပေ ၁၀ဝပတ်လည်ရှိ လယ်ကွက် ‌မြေတွင် အဆိုပါရုံးကို ‌ဆောက်လုပ်ခြင်းဖြစ်သည်ဟု ရုံးတာဝန်ခံ ‌စော‌ယောင့်သာအဲဆန်က ‌ပြောသည်။

“အဓိက‌တော့ ‌နွေရာသီမှာ စာ‌ပေသင်တန်းဖွင့်ဖို့‌ပေါ့‌နော်။ ဒါ‌ပေမယ့် အခြား‌နွေရာသီမဟုတ်တဲ့ အချိ်န်မှာလည်း လိုအပ်သလို စာ‌ပေ‌သော်လည်‌ကောင်း၊ ယဉ်‌ကျေးမှုပိုင်း‌သော်လည်‌ကောင်း၊ လုပ်ငန်းစီမံချက်‌တွေ ‌ရေးဆွဲပြီး ‌ဆောင်ရွက်သွားမယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်က စာ‌ပေနှင့်ယဉ်‌ကျေးမှုသင်တန်း‌ကျောင်းများ အတည်တကျ မရှိ‌သော‌ကြောင့် ဘာသာ‌ရေးနှင့် လူမှု‌ရေးအ‌ဆောက်အဦ များတွင်သာ အသုံးပြုခဲ့ရသဖြင့် ရုံးလုပ်ငန်း‌ဆောင်ရွက်ရာတွင် အခက်အခဲရှိပြီး ယခုကဲ့သို့ ရုံးအတည်တကျ တည်‌ဆောက်လိုက် သည့်အ‌ပေါ် စာ‌ပေ၊ ယဉ်‌ကျေးမှု၊ စာ‌စောင်နှင့် ရသစာ‌ပေများကိုပါ ‌ဆောင်ရွက်သွားနိုင်မည်ဟုလည်း ‌စော‌ယောင့်သာအဲဆန်က ဆက်‌ပြောသည်။

နံနက် ၈နာရီခွဲအချိန်တွင် စတင်ပြုလုပ်သည့် ၎င်းရုံးဖွင့်လှစ်ပွဲအခမ်းအနားသို့ ဝင်း‌ရော်‌ဒေသမှ သံဃာ‌တော်များ၊ ရပ်မိရပ်ဖများ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ အပါအဝင် စုစု‌ပေါင်း ၁၀ဝနီးပါးတက်‌ရောက်ပြီး တက်‌ရောက်လာသည့်သံဃာ‌တော်များမှ ဩဝါဒများ မိန့်ကြားခဲ့ကြသည်။

ရုံးဖွင့်ပွဲသို့ တက်‌ရောက်လာသူ ထီဖိုးနှိုင်း‌ကျေးရွာမှ ‌စောထွန့်ခလိုက်က “အရင်က စာ‌ပေယဉ်‌ကျေးမှု သင်တန်း‌တွေလုပ်ရင် ရွာတစ်ရွာမှာ တနှစ်လုပ်လိုက်ပြီး အခြား‌နောက်တစ်‌နေရာ ထပ်‌ပြောင်းရတာ‌ပေါ့‌နော်။ စာရင်းဇယား‌တွေ‌ရော ‌နောက်ထပ် လုပ် ငန်း‌ဆောင်ရွက်ဖို့ စီမံချက်‌ရေးဆွဲတာ‌ရော ‌နေရာအတည်တကျမရှိတဲ့အတွက် အခက်အခဲရှိတယ်။ အခုလို အတည်တကျ ရုံးဖွင့် လှစ်နိုင်တဲ့အတွက် အဲဒါ‌တွေကို အရင်ကထက်ပိုပြီး ‌ဆောင်ရွက်နိုင်မယ်‌ပေါ့‌နော်”ဟု ‌ပြောသည်။

ဝင်း‌ရော်‌ဒေသအ‌နေဖြင့် ‌နွေရာသီအချိန်တွင် သက်ဆိုင်ရာ‌ကျေးရွာအလိုက် ကရင်တိုင်းရင်းစာ‌ပေသင်တန်းဖွင့်လှစ်ခြင်း၊ တစ် နယ်လုံးအတိုင်းအတာဖြင့် စု‌ပေါင်းစာ‌ပေသင်တန်းဆင်းပွဲများ ‌ဆောင်ရွက်ရာတွင် ဘာသာ‌ရေး အ‌ဆောက်အအုံများ၌သာ အသုံး ပြုခဲ့ရသည်။

ဝင်း‌ရော်‌ဒေသ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု တည်တံ့တိုးတက်ပြန့်ပွား‌ရေးအဖွဲ့ကို ၁၉၉၈ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှုလုပ်ငန်းအပြင် စာ‌ပေ၊ ရသကဗျာ၊ စာ‌စောင်နှင့် ‘‌ဝေါင်း‌ရော်ပုတီလမု’အမည်ရှိ မဂ္ဂဇင်းတို့ကို အလျင်းသင့် သလို ထုတ်‌ဝေလျှက်ရှိသည်ဟု သိရသည်။