Home သတင်း တိုင်းရင်းသားလူငယ်များညီလာခံတက်‌ရောက်ရန် ကရင်လူငယ် ၃ဝဦးကို ‌ရွေးချယ်

တိုင်းရင်းသားလူငယ်များညီလာခံတက်‌ရောက်ရန် ကရင်လူငယ် ၃ဝဦးကို ‌ရွေးချယ်

1957
ဇူလိုင် ၂၂ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံဖြစ်‌မြောက်‌ရေး‌ကော်မတီ-CCNEYC မှ ကမကထပြုပြီး ရှမ်းပြည်နယ်‌တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ဇူလိုင်၂၇ရက်မှ ၃ဝရက်‌နေ့အထိ ကျင်းပမည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များညီလာခံသို့ တက်‌ရောက်ရန် ‌ဒေသစုံ ကရင်လူငယ် ၃ဝဦးကို ‌ရွေးချယ်လိုက်ပြီဖြစ်သည်။

အဆိုပါ လူငယ်ညီလာခံသို့ တက်‌ရောက်ရန် ကရင်လူငယ်အစည်းအရုံး-KYO က ဦး‌ဆောင်ကာ နယ်စပ်အ‌ခြေ စိုက် ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်‌ကျောင်းသားကွန်ရက်အဖွဲ့-KSNG နှင့် ပြည်တွင်းရှိ လူမှု‌ရေးအဖွဲ့ အစည်းနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ လူငယ်များပါဝင်‌သော ကရင်လူငယ်ကွန်ရက်-KYNတို့မှ ကရင်လူငယ်အပါအဝင် ကိုယ်စားလှယ် ၃ဝဦးကို ဇူလိုင် ၁၉ ရက်‌နေ့က ‌ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဖွဲ့ကို ဦး‌ဆောင်သူ KYN မှ ‌စောဂျက်ပစီက “အဓိကအားဖြင့်‌တော့ ကရင်လူငယ်ကိုယ်စားအ‌နေနဲ့ KYOကို တိုက်ရိုက် ဖိတ်ကြားလာတယ်။ KYO အပြင် ပြည်တွင်းထဲမှာလည်း ကရင်လူငယ်ကွန်ရက်လို လူငယ်စုဖွဲ့မှု‌တွေ ရှိတယ်။ ဖြစ်နိုင်ရင် နိုင်ငံခြားက ကရင်လူငယ်‌တွေလည်း ပါဝင်‌စေချင်‌ပေမယ့် အ‌ခြေအ‌နေအရ‌တော့ မပါဝင် လာဖြစ်ဘူး။ ဒါ‌ကြောင့် လက်လှမ်းမီသ‌လောက်နဲ့ အားလုံးလည်း ပါဝင်နိုင်တဲ့အ‌နေအထားက‌နေ အ‌ယောက် ၃ဝ ကို ‌ရွေးချယ်ဖြစ်ခဲ့တယ်”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

၎င်းညီလာခံ၌ တိုင်းရင်းသား လူငယ်များအ‌နေဖြင့် မိမိကိုယ်စားပြုရာ တိုင်းရင်းသားများ၏ စာတမ်းကို တင်သွင်း ရမည်ဖြစ်သည့်အတွက် ကရင်လူငယ်များဘက်မှ ၎င်းတို့တင်သွင်းရမည့်စာတမ်းကို ပြုစုပြင်ဆင်ထားပြီး KYO၏ ကိုင်စွဲထားသည့် မူအတိုင်း တက်‌ရောက်‌ဆွေး‌နွေးသွားကြမည်ဟု ‌စောဂျက်ပစီက ဆက်‌ပြောသည်။

‌လေးရက်တာကျင်းပမည့် ယင်းညီလာခံကို လူမျိုးနှင့် မျိုးနွယ်စုကို အ‌ခြေခံ‌သော မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူငယ် စုစု‌ပေါင်း ၅၉၉ဦး တက်‌ရောက်မည်ဟု CCNEYC ထုတ်ပြန်ထားပြီး ဖက်ဒရယ်ပြည်‌ထောင်စုတည် ‌ဆောက်နိုင်‌ရေး၊ တိုင်းရင်းသား လူငယ်များအကြား စည်းလုံးညီညွတ်မှုရရှိခြင်းဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေး နှင့် ဖက်ဒရယ်‌ရေးရာကိစ္စရပ်များကို စု‌ပေါင်း‌ဆွေး‌နွေးအ‌ဖြေရှာကြမည်ဟု CCNEYC က ဆိုသည်။

ရှမ်းပြည်နယ် ပင်လုံမြို့တွင် ပြုလုပ်မည့် တိုင်းရင်းသားလူငယ်များညီလာခံသည် တစ်နိုင်ငံလုံး အတိုင်းအတာ ‌ဆောင်၍ ယခုလို ပြုလုပ်သွားမည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။

ညီလာခံသို့ ကရင်လူငယ်များ တက်‌ရောက်ရန်အတွက် ၎င်းညီလာခံ ဖြစ်‌မြောက်‌ရေး‌ကော်မတီ ကိုယ်စားလှယ် အချို့က ယခုလ ဇူလိုင် ၁၆ နှင့် ၁၇ ရက်‌နေ့တို့၌ ရန်ကုန်မြို့တွင် ကရင်လူငယ်များကွန်ရက်(KYN)ကို ‌တွေ့ဆုံပြီး ညီလာခံ တက်‌ရောက်မည့် ကရင်လူငယ်စာရင်းများကို ‌တောင်းဆိုခဲ့သည်။ ထို့‌နောက် ကရင်လူငယ်ဘက်မှ ယင်းညီလာခံ တက်‌ရောက်ရန် ကိုယ်စားလှယ်ဦး‌ရေ ၃ဝ ကို ‌ရွေးချယ်ခဲ့ခြင်းဖြစ်သည်။