မတ် ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စောထွန်းလင်း
တနသင်္ာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ ဘန်းချောင်းကျောက်မီးသွေးတွင်းကြောင့် လူမှုပတ်ဝန်းကျင် ထိခိုက်နစ်နာမှု အခြေ အနေများကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဗဟိုက စုံစမ်းလေ့လာသွားမည်ဟု မတ်လ ၁၃ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကေအဲန်ယူ ဥက္ကဌ ဦးဆောင်သည့် ဗဟိုကော်မတီဝင်များနှင့် ဘန်းချောင်းဒေသခံများ တွေ့ဆုံပွဲအပြီးတွင် ကေ အဲန်ယူ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ကေအိုင်စီသို့ ပြောသည်။
ထိုနေ့နံနက် ၉နာရီတွင် စတင်ပြုလုပ်ခဲ့သည့် ယင်းတွေ့ဆုံပွဲတွင် ဘန်းချောင်းဒေသခံများနှင့် ဒေသတွင်းအခြေစိုက် လူမှုအဖွဲ့အ စည်းများက ကျောက်မီးသွေးတူးဖော်ခြင်းကြောင့် လူမှုစီးပွား၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအခြေအနေများကို ကေအဲန်ယူ (ဗဟို) တာဝန်ရှိသူများထံ တင်ပြခဲ့ကြခြင်း ဖြစ်သည်။
ယင်းတင်ပြမှုများအပေါ် ပဒိုစောသောသီဘွဲက “ဒီကျောက်တူးတဲ့ရွာ ပတ်ဝန်းကျင်ဧက ဘယ်လောက် လယ်၊ ယာ၊ စိုက်ခင်း ဘယ်လောက်ပျက်မလဲ။ အဆိပ်ဖြစ်စေတဲ့ရေ လူထု၊ ကျွဲနွား တိရိစာ္ဆန် ဘယ်လောက် သောက်သုံးရသလဲ။ ရောဂါဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေ သတ္တုတွေ ဘယ်လောက်ရှိတယ်ဆိုတာ သူတို ့ကိန်းဂဏန်းတွေနဲ ့မပြဘူး။ ယေဘုယျအားဖြင့်တော့ ရှိတာပေါ့။ မတင်ပြသေးတာလည်း ရှိကောင်းရှိနိုင်တာပေါ့။ အခု သူတို့တင်ပြတဲ့အပေါ်မှာက ဘယ်လောက်ထိ တိကျ မှန်ကန်မလဲဆိုတာ စုံစမ်းတာပဲပြောပြော၊ လေ့လာတာပဲပြောပြော ဒီဘက်က စီစဉ်နေတာပေါ့နော်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကေအဲန်ယူ ဥက္ကဌမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး(၁) ပဒို စောသောသီဘွဲ၊ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်း၊ ပဒိုစောအောင်ဝင်းရွှေ တက်ရောက်ခဲ့ပြီး ဘန်းချောင်းဒေသခံ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာကပေါ ကရင်လူငယ်အဖွဲ့မှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း ၁၅ဦးခန့် တက်ရောက်ခဲ့သည်ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သူများထံမှ သိရသည်။
တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ဘန်းချောင်းဒေသခံ စောတင်ဝင်းက “တွေ့ဆုံပွဲမှာ ဗဟိုက လူကြီးတွေကို ကုမ္ပဏီက စည်းကမ်းချိုး ဖောက်တဲ့ အချက်တွေဖြစ်တဲ့ ချောင်းထဲကို ရေဆိုးရေညစ်တွေကျတာ၊ ဧက ၆ဝထက်မပိုရတဲ့အပေါ်အခြေအနေ၊ နောက် အစည်းအဝေးခေါ်ရင် မလာတာ၊ ကေအဲန်ယူကခေါ်ရင်လည်း ကုမ္ပဏီက မလာတာ၊ လာရင်လည်း လက်နက်ကိုင်တွေ ကုမ္ပဏီ က ခေါ်လာတာတွေကို တင်ပြတော့ ပဒိုကွယ်ထူးဝင်းက အမြန်ဆုံး ကွင်းဆင်းစစ်ဆေးမယ်လို ့ပြောတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ၎င်းတွေ့ဆုံပွဲတွင် မြန်မာမေဖလားဝါး ကုမ္ပဏီနှင့် ထိုင်း East Star ကုမ္ပဏီတို့၏ ကျောက်မီးသွေးတူးဖော်နေမှု အခြေ အနေများကို အချက်အလက်များဖြင့် တင်ပြသော်လည်း ကေအဲန်ယူခေါင်းဆောင်ပိုင်းက အချက်အလက်များကို မယုံကြည် သည့်သဘောမျိုး တွေ့ရကြောင်း၊ ဧက ၆ဝတွင် ကျောက်မီးသွေးတန် သန်း ၄ဝ ထုတ်ယူမည့်ကိစ္စမှာ မည်သို့မျှမဖြစ်နိုင်ဘဲ ထပ်မံ လုပ်ငန်းချဲ့ထွင်ရန် ပြင်ဆင်မှုများရှိနေသည်ကို ဆွေးနွေးပြောဆိုခဲ့သည်ဟု တာကပေါကရင်လူငယ်အဖွဲ့မှ နော်ပိသလောက ကေအိုင်စီသို့ မတ်လ ၁၃ရက်နေ့က ပြောသည်။
အဆိုပါ ဘန်းချောင်းဒေသသည် ကေအဲန်ယူနှင့် အစိုးရတို ့နှစ်ဖက်ရောနှောအုပ်ချုပ်နေသည့် ဒေသဖြစ်ကာ မြန်မာမေဖလားဝါး ကုမ္ပဏီက မြန်မာအစိုးရထံမှ ဧက ၆ဝ လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ထိုင်း East Star ကုမ္ပဏီက ဘန်းချောင်းဒေသအခြေစိုက် ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်၏ ခွင့်ပြုချက်ဖြင့် ၂၀၁၂ခုနှစ်က တူးဖော်နေခဲ့ရာ ပွင့်လင်းရာသီများတွင် တနေ ့ကျောက်မီးသွေးတန်ချိန် ၄၇၆တန် ထိုင်းနိုင်ငံသို့ တင်ပို့နေကြောင်း ၂၀၁၅ခုနှစ်အတွင်းက ထားဝယ်လူမှုအဖွဲ့အစည်းများ ထုတ်ပြန်ထားခဲ့သည့် ဘန်း ချောင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။