ဇန်နဝါရီ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး
ဧရာဝတီတိုင်းဒေသကြီးရှိ ကရင်လူမျိုးအများစုနေထိုင်သည့် မြို့နယ် ၁၅မြို့နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီများက လာမည့်အစိုးရသစ်တွင် တာဝန်ထမ်းဆောင်မည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအား ကရင်စာပေ (ပိုး၊ စကော)ကို ကျောင်း ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်းနိုင်ရေး တောင်းဆိုသွားရန် ပြင်ဆင်နေသည်ဟု မြို့နယ်များရှိ စာယဉ်တာဝန်ရှိသူများက ပြော သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝါးခယ်မမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် မြောင်းမြမြို့နယ် စာယဉ်၊ ဒုဥက္ကဋ္ဌ ဖြစ်သူ မန်းကျော်အေးက “လက်ရှိ အစိုးရ စီစဉ်ချမှတ်ပေးခဲ့တဲ့ ကရင်စာကို ကျောင်းချိန်ပြင်ပသင်ကြားရေးစနစ်က ထိရောက်မှု မရှိတာကြောင့်ပါ။ နောက်ပြီး ဧရာဝတီတိုင်းမှာရှိတဲ့ ကရင်ပြည်သူတွေမှာ ကရင်စကား၊ စာပေ ပပျောက်သွားမှာကို စိုးရိမ်ချက်ရှိ တဲ့အတွက် တောင်းဆိုသွားဖို့ ပြင်ဆင်ရခြင်းဖြစ်တယ်״ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။
လာမည့်လအတွင်း မြို့နယ်စာယဉ် အသီးသီး တိုင်းအဆင့် တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက်ကို ရယူကာ တင်ပြတောင်းဆို သွားရန်ရှိသလို လက်ရှိ ကျောင်းဘာသာရပ်တစ်ခုအနေဖြင့် ပြဋ္ဌာန်းနိုင်ရေးအတွက် ကရင်စာပေဘာသာစကား သင်ရိုးညွှန်း တမ်းကို ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ရေးဆွဲနေပြီဖြစ်သည်ဟု မန်းကျော်အေးက ဆက်ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်(NLD)မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် မဲအနိုင်ရခဲ့သူ ဂါ့မိုး မြတ်မြတ်သူက “ကျမအနေနဲ့ ကရင်တိုင်းရင်းသားတွေ သူတို့ဘဝ တိုးတက်ဖို့ရယ်၊ သူတို့ ရပိုင်ခွင့်တွေကို ရရှိနိုင်ဖို့ကို အထူး ဇောင်းပေး လုပ်ဆောင်ပေးမယ်။ တချို့ ကရင်လူမျိုးတွေ ကရင်ဖြစ်ပြီး ကရင်လူမျိုးမဖြစ်ရတာမျိုးတွေကို လူဝင်မှုကြီးကြပ်ရေး တွေရဲ့ သန်းခေါင်စာရင်းမှာ ပြန်ပြီး စိစစ်မယ်လို့ ဆုံးဖြတ်ထားပါတယ်״ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကရင်စာပေယဉ်နှင့် ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်သွားရန် အစီအစဉ် ရှိသည်ဟု ဂါ့မိုးမြတ်မြတ်သူက ဖြည့်စွက်ပြောဆိုသည်။
၎င်းတိုင်းဒေသကြီးအတွင်း ကရင်လူမျိုးအများစု နေထိုင်သည့် မြို့နယ်အသီးသီးတွင် ကရင်စကား ပြောဆိုတတ်သူမှာ ကရင်လူ ဦးရေ ထက်ဝက်မျှသာကျန်ရှိပြီး ကရင်စာပေကို ရေးသား၊ ဖတ်ရှုတတ်သူများမှာ ရာခိုင်နှုန်းအားဖြင့် (၁)ရာခိုင်နှုန်းသာရှိသည့်အ တွက် အထူးစိုးရိမ်ဖွယ်ဖြစ်နေကြောင်း စာ/ယဉ်အသိုင်းအဝိုင်းများက သုံးသပ်ပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ခရိုင် ၆ခုနှင့် မြို့နယ်ပေါင်း ၂၆မြို့နယ်ရှိပြီး အစိုးရစာသင်ကျောင်းများ၌ ၂၀၁၃-၂၀၁၄ခုနှစ်၊ ပညာ သင်နှစ်မှ စတင်ကာ မူလတန်းအောက်အဆင့် (သူငယ်တန်းမှ ဒုတိယတန်းထိ) ကရင်စာကို ကျောင်းချိန်ပြင်ပတွင် သင်ကြား ပေးခဲ့သလို ဖတ်စာအုပ်အချိန်မှီ မရရှိခြင်း၊ သင်ကြားပေးသည့်ဆရာများ သတ်မှတ်ထောက်ပံ့ကြေးအပြည့် မရသည့်အခက်အခဲ များ ဖြစ်ပေါ်ခဲ့ဖူးသည်။



















