ဇန်နဝါရီ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
နေပြည်တော်တွင် ကျင်းပလျှက်ရှိသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အခွင့်အလမ်းမရှိသောကြောင့် အယုံအကြည်မရှိဟု နိုင်ငံတကာ ကရင်အဖွဲ့အစည်း (IKO)က ဇန်နဝါရီ ၁၂ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
IKO ပြောခွင့်ရသူ မန်းအော်လဲဒိုက “NCA မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ပဲ လက်မှတ်ထိုးထားတယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာက ဖြစ်နေတယ်။ မြန်မာအစိုးရဟာ သူတို့ ချမှတ်ထားတဲ့ Time Frame အတိုင်းပဲ ညီလာခံကို လုပ်ဆောင်သွားတာပါ။ နိုင်ငံတကာကို လုပ်ပြချင်တာပဲလည်း ဖြစ်တာပေါ့။ အခု တစ်မျိုးသားလုံး အကျုံးဝင်တဲ့ ညီလာခံ မဟုတ်ဘူး။ အဖြေက ဘာမှ ရေရေရာရာ ရမှာမဟုတ်တဲ့အတွက် အယုံအကြည်မရှိတာ ဖြစ်တယ်״ဟု ကေအိုင်စီသို့ ပြောသည်။
ယခု ညီလာခံသည် နောက်တက်လာမည့် အဲန်အယ်လ်ဒီ အစိုးရသစ်ကို အခက်အခဲဖြစ်အောင် ဘောင်ခတ်ပြီး ကျုံးသွင်းသော ညီလာခံမျိုးဖြစ်ပြီး အစိုးရသစ်လက်ထက်မှသာ ပြဿနာအရင်းခံကိုရှာ၍ အမှန်တကယ်ပီပြင်သော အပစ်အခတ်ရပ်စဲရေးကို ဦးစွာလုပ်ပြီးမှ တစ်မျိုးသားလုံး ညီလာခံကို ကျင်းပသင့်ကြောင်းလည်း မန်းအော်လဲဒိုက ဆက်လက် ပြောဆိုသည်။
ထို့အပြင် IKO ၏ ထုတ်ပြန်ချက်အရ ဦးသိန်းစိန် အစိုးရသည် လက်ရှိ မြန်မာပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲများ ရပ် တန့်သွားစေရန် ဆောင်ရွက်ရမည့်အစား NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် နိုင်ငံရေး ပါတီ၊ လူမှုရေးအဖွဲ့အစည်းအချို့ကို ခေါ်ပြီး ငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်းသည် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ် မှန်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို အမှန်တကယ် မလိုလားကြောင်း ဖော်ပြထားသည်။
လတ်တလော ညီလာခံ တက်ရောက်နေသည့် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက “အခုချိန် နိုင်ငံရေး စကား ပြောမယ်ဆိုတာဟာ ကျနော်တို့အတွက် အရေးကြီးတယ်။ ကရင်အမျိုးသားအစည်းအရုံးဟာ တစ်မျိုးသားလုံးရဲ့ကိုယ် စား၊ ရပ်တည်ဆောင်ရွက်ခဲ့တဲ့ အစည်းအရုံးဖြစ်တဲ့အတိုင်း တိုင်းပြည်ငြိမ်းချမ်းဖို့ တိုင်းရေးပြည်ရေးနဲ့ ကျနော်တို့ ပြည်သူတွေရဲ့ လိုလားချက်တွေကို မဖြစ်မနေ ပြောဆိုဆွေးနွေးရမှာ ဖြစ်ပါတယ်״ဟု ညီလာခံ မတိုင်မီ ဇန်နဝါရီ ၁၁ရက်နေ့၌ ကေအိုင်စီသို့ ပြောဆိုထားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ ဆွေးနွေးအဖြေရှာသည့် ရလဒ်အပေါ်အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် အမျိုးသားသဘောတူညီချက် ဖြစ်လိမ့်မည်ဟုလည်း ပဒိုစောကွယ်ထူးဝင်းက ဆက်လက်ပြောဆိုထားခဲ့သည်။
နေပြည်တော်၌ ဇန်နဝါရီ ၁၂မှ ၁၆ရက်နေ့အထိ ပြုလုပ်သွားမည့် ၎င်းညီလာခံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံ တော်လုံခြုံရေး၊ မြေယာအုပ်ချုပ်မှုများ ပါဝင်သည့် အချက် (၅)ချက်ကို အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်၊ တပ်မတော်၊ တိုင်း ရင်းသားလက်နက်ကိုင်၊ တိုင်းရင်းသားကိုယ်စားလှယ်နှင့် တတ်သိပညာရှင်များအပါအဝင် ကိုယ်စားလှယ် ၇၀၀ကျော်က တက် ရောက်ဆွေးနွေးလျှက်ရှိသည်။
IKO ကို ကရင်အမျိုးသားတို့၏ တန်ဖိုးကို မြှင့်တင်ရန်၊ ကရင်ဘာသာစကား၊ စာပေနှင့် ရိုးရာယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့် ရှောက်ရန်အပြင် လက်ရှိ ကေအဲန်ယူ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရန် ရည်ရွယ်၍ Asia Pacific Region, European Region နှင့် US/ Canada Region များရှိ နိုင်ငံပေါင်း ၃၀ကျော်မှ ကရင်အဖွဲ့အစည်းများဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သည်။



















