ကချင်အမျိုးသမီး ရှယ်လီဆိုင်း ပြောပြတဲ့ ကချင်အမျိုးသား အာဇာနည်နေ့အကြောင်း
“ဘယ်လူမျိုးမဆို အာဇာနည်ခေါင်းဆောင်ဆိုတာရှိရမယ်။ ကရင်မှာ အာဇာနည်ခေါင်းဆောင် စောဘဦးကြီးရှိသလို ပေါ့။ တော်လှန်ရေးအတွက် အသက်ပေးသွားကြတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည်နေ့ဆိုတာ ရှိသင့်တယ်ဆိုပြီးတော့ အန်တီ အရင်က တင်ပြခဲ့ဖူးတာရှိပါတယ်။ နောက်တော့ KIO/KIA ကပဲ သူတို့ခေါင်းဆောင်ကျဆုံးပြီးတဲ့နောက် ၂၀၀၁ခုနှစ်မှာ အာဇာနည်နေ့ဆိုတာ ရှိသင့်ရှိထိုက်တယ်ထင်လို့ ကေအိုင်အိုရဲ့ ပထမဆုံးခေါင်းဆောင်လည်းဖြစ်၊ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ် ဇော်ဆိုင်း ကျဆုံးခဲ့တဲ့ ၁၉၇၅ခုနှစ်၊ ဩဂုတ်လ ၁ဝရက်နေ့ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ကချင်ခေါင်းဆောင်တွေ တော်တော်များများကလည်း အဲဒီနှစ်၊ အဲဒီလမှာ ကျဆုံးတာ များတယ်လေ။ အန်တီ့အမျိုး သားဖြစ်တဲ့ ဗိုလ်ချုပ်ဇော်ဆိုင်းဟာလည်း အဲဒီလမှာပဲ ရန်သူတွေက ကိုယ့်လူကိုအသုံးချပြီး ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာပဲ လုပ်ကြံသတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဩဂုတ်လကို အာဇာနည်တွေ ကျဆုံးတဲ့နေ့အဖြစ် ဂုဏ်ပြုတဲ့အနေနဲ့ လုပ် တယ်လို့ အန်တီ သိရပါတယ်။
ကချင်အာဇာနည်နေ့ကို အရင်က နိုင်ငံရေးအခြေအနေအရ မကျင်းပနိုင်ခဲ့ကြဘူး။ အခုကတော့ ပြည်တွင်းပြည်ပက ကချင်လူထုတွေအနေနဲ့ အခုလို ပြည်တွင်းစစ်ဖြစ်နေတဲ့ ကာလအတွင်းမှာ ပိုပြီး ပါဝင်ကျင်းပလာကြတာ တွေ့ရပါတယ်။ ကချင် တပ်တွေလည်း သူ့ဒေသနဲ့သူ လုပ်ကြတာရှိပါတယ်။ လူမျိုးတစ်မျိုးမှာ ဒီလိုနေ့မျိုးတွေ ရှိသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်နောင် လူငယ်တွေကို ကချင်လူမျိုးတွေရဲ့ ရာဇဝင်ကို ပိုသိလာအောင်လုပ်ဖို့ လိုအပ်သလို ဒီလိုနေ့မျိုးတွေကို အစဉ်အလာ တစ်ရပ်အနေနဲ့ ဆက်လက်ကျင်းပပြီး ကိုယ့်လူမျိုးအတွက် သတ္တိရှိရှိနဲ့ အကာအကွယ်ပေးသွားခဲ့ကြတဲ့ ခေါင်းဆောင်တွေကို လူငယ်တွေရဲ့စိတ်ထဲမှာ အမြဲရှိစေချင်ပါတယ်။”
ကချင်အာဇာနည်ဖြစ်တဲ့ ဗိုလ်ချုပ်ဇော်ဆိုင်းဟာ ကေအိုင်အိုကို ၁၉၆၁ခုနှစ်၊ ဖေဖော်ဝါရီလ ၅ရက်နေ့မှာ စတင် တည်ထောင်ခဲ့ တာ ဖြစ်ပါတယ်။ သူဟာ ကျဆုံးချိန်မှာ အသက် ၄၈နှစ်ပြီး ယခု ၎င်း၏ဇနီးဖြစ်သူ အသက် ၆၇နှစ်အရွယ် ဒေါ်ရှယ်လီဆိုင်းအား ဆက်သွယ်မေးမြန်းထားခြင်းဖြစ်ပါတယ်။
သံလွင်တိုင်းမ်ဂျာနယ် အယ်ဒီတာ နိုင်မင်းမင်းနွယ်ပြောတဲ့ မွန်အမျိုးသားအာဇာနည်များကို ဂုဏ်ပြုတဲ့အကြောင်း
မွန်နဲ့ပတ်သက်ပြီး အာဇာနည်နေ့ သီးသန့်မရှိဘူး။ ဒါပေမယ့် မွန်အာဇာနည်ခေါင်းဆောင်တွေကို မွန်တော်လှန်ရေး ခေါင်းဆောင်တွေ မွန်ဗိမာန်တော်တွေကတော့ မွန်ပြည်နယ်၊ ကျောက်တစ်လုံးဘုရား ရင်ပြင်တော်နားမှာရှိတယ်။ အဲဒီမှာကျ တော့ မွန်တော်လှန်ရေးနေ့တိုင်းမှာ မွန်လူငယ်တွေ၊ မွန်ပြည်သူတွေတော့ အဲ့မှာ သွားအလေးပြုတာရှိတယ်။ မွန်တော်လှန်ရေး နေ့မှာဆိုရင် ဝါခေါင်လပြည့်နေ့ရောက်တိုင်းမှာ မွန်အာဇာနည်ခေါင်းဆောင်တွေကို သွားရောက်အလေးပြုတယ်။ အဲဒီနေ့မှာဆို ရင် မွန်ပြည်နယ်၊ မုဒုံမြို့ ကျောက်တစ်လုံးဘုရားဝင်းမှာ အာဇာနည်ဗိမာန်တွေကို သွားရောက်အလေးပြုတာရှိသလို မွန်ပြည်သစ် ဋ္ဌာနချုပ်နေရာအပြင် မွန်အာဇာနည်ခေါင်းဆောင်ရှိတဲ့ နေရာမြို့နယ်တွေမှာ မွန်လူထုတွေက သွားရောက်အသိအမှတ်ပြုတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းတဲ့ခေါင်းဆောင်တွေကို တစ်နိုင်ငံလုံးရှိ ပြည်သူလူထုက အသိအမှတ်ပြု တာရှိသလို ကိုယ့်တိုင်းရင်းသားအချင်းချင်းမှာလည်း ကိုယ့်တိုင်းရင်းသားလူမျိုးတွေရဲ့ အကျိုးကိုကာကွယ်ရင်းနဲ့ ကျဆုံးခဲ့တဲ့ အာ ဇာနည်တွေရဲ့ အများကြီးပဲ။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ အနေအထားကတော့ တိုင်းရင်းသားတစ်ခုချင်းစီရဲ့ အာဇာနည်တွေ ကိုယ်စီ ရှိကြပါတယ်။ မွန်တော်လှန်ရေးနေ့က အနယ်နယ်အရပ်ရပ်မှာ ကျင်းပကြတာပါ။ ကျောက်တလုံးဘုရားဝင်းမှာတော့ ကွယ်လွန်သွားကြတဲ့ခေါင်းဆောင်တွေရဲ့ အရိုးအိုးတွေရှိတယ်။ အလားတူ အဲဒီခေါင်းဆောင်တွေရဲ့ ဇာတိမြေတွေမှာလည်း လုပ် တာ ရှိတယ်။ ဥပမာ မုဒုံမြို့နယ် ကလော့သော့ရွာ နိုင်ရော့စ ဇာတိ၊ ပေါင်မြို့နယ်မှာ နိုင်သိန်းမောင်၊ မုဒုံမြို့နယ် နှီးပဒေါရွာက နိုင် နွလ္လာ၊ ချောင်းဆုံမြို့နယ် မုဒွန်းရွာမှာ နိုင်မင်းထွဋ်နဲ့ နိုင်ယူ၊ ဝင်းစိန်တောရ(ကျောက်တလုံး)မှာ နိုင်ရွှေကျင်၊ နိုင်ထင်၊ နိုင်ရော့စ၊ အရိုးအိုးတွေရှိတယ်။ ကျဆုံးတာရှိတယ်။ ကွယ်လွန်တာရှိတယ်။ ကျဆုံးတာကတော့ မထင်မရှားတွေ များတယ်။
သျှမ်းမှာ အမျိုးသားအာဇာနည်နေ့ သပ်သပ် မရှိဘူးဆိုတဲ့ ခွန်ဆိုင်းဂျာယန် ပြောဆိုချက် (သျှမ်းသံတော်ဆင့်သတင်းဌာန တည်ထောင်ခဲ့သူ၊ လက်ရှိ Pyidaungsu Institute for Peace and Dialogue ၏ မန်နေဂျင်းဒါရိုက်တာ)
ကျနော်တို့သျှမ်းတွေမှာတော့ အာဇာနည်နေ့သပ်သပ် မရှိပါဘူး။ တော်လှန်ရေးနေ့ရှိတယ်။ သျှမ်းတော်လှန်ရေးနေ့က တော့ ၁၉၅၈ခုနှစ်၊ မေလ ၂၁ရက်နေ့ကစခဲ့ပြီးတော့မှ ဒီနေ့အထိ ကျဆုံးသွားခဲ့ကြတဲ့ မျိုးချစ်စစ်သည်တော်တွေ၊ လူထုတွေကို အောက်မေ့အရိုအသေပေးတဲ့နေ့၊ ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးတဲ့နေ့ ဖြစ်ပါတယ်။ ဒါကလွဲရင်တော့ ဇူလိုင်လ ၁၉ရက်နေ့ မှာ သျှမ်းခေါင်းဆောင်ကြီး စဝ်စံထွန်းကလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးတဲ့အတွက်ကြောင့် အဲဒါလည်း အတူတူ လုပ် ပေးတာပေါ့။ တချို့ကလည်း စဝ်စံထွန်းက ဦးအောင်ဆန်းနဲ့အတူတူမဆုံးဘဲနဲ့ နောက်တစ်ရက်ကျမှ ဆုံးတဲ့အတွက် ၂ဝရက်နေ့ မှာ လုပ်တာလည်းရှိတယ်။ အဲဒါကိုတော့ စဝ်စံထွန်းကျဆုံးတဲ့နေ့အဖြစ်ပဲ သတ်မှတ်ပြီး အာဇာနည်နေ့တော့ မဟုတ်ပါဘူး။
၁၉၅၈ခုနှစ်မှာ သျှမ်းပြည်က ဗမာပြည်နဲ့ပေါင်းတာ ဆယ်နှစ်ပြည့်တာကိုး။ ဆယ်နှစ်ပြည့်တဲ့အခါကျတော့ ပင်လုံစာချုပ် အရရော၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရရော ခွဲထွက်ခွင့်ပြုရမယ့်ကိစ္စကို ဗမာအစိုးရက လုံးဝ ခွင့်မပြုတဲ့အတွက်ကြောင့်မို့ လို့ တခါတည်း တော်လှန်ရေးစခဲ့တာပေါ့။ အစကတော့ နွန်စဝ်ဟန် ဆိုပြီးမှ သူတို့စခဲ့တယ်။ နောက် ၁၉၆၄ခုနှစ်မှာ SSA ဆိုတာ ဖြစ်လာတာပေါ့။ ဒီကြားထဲမှာ ဒိပြင်အဖွဲ့နာမည်တွေ ပေါ်လာခဲ့ပေမယ့်လည်း အခုထိ တည်တံ့နေတာကတော့ SSA ပဲပေါ့။ အခု ကျန်နေခဲ့တဲ့ သျှမ်းလက်နက်ကိုင်နှစ်ဖွဲ့စလုံးက ဒိပြင်ကိစ္စတွေမှာ သူတို့တူချင်မှတူမယ်။ ဒါပေမယ့် ဒီနေ့ရက်ကိုတော့ နှစ်ဖွဲ့စလုံး က အထွတ်အထိပ်ထားတယ်။
ဒီလိုနေ့ထူးနေ့မြတ်တွေကို သျှမ်းပြည်တပ်မတော်ကပဲ လုပ်တာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ရက်က သျှမ်း ပြည်တပ်မတော်ကို စတင်တည်ထောင်တဲ့နေ့ သျှမ်းတော်လှန်ရေး စခဲ့နေ့ဖြစ်တဲ့အတွက် သျှမ်းပြည်တပ်မတော်က လုပ်ပြီး လူထု တွေက ပါဝင်ဆင်နွှဲတာတော့ ရှိတာပေါ့။ လူထုကိုယ်တိုင် ပါဝင်ဦးဆောင်ပြီး လုပ်တာက သျှမ်းပြည်နယ်နေ့လိုမျိုး ဖြစ်ပါတယ်။ အရင်ကတော့ သျှမ်းအမျိုးသားနေ့လို့ ခေါ်ခဲ့တာပေါ့။ အခုထိလည်း ခေါ်တဲ့နေရာမှာ ခေါ်နေကြတုန်းပါပဲ။ ဒါပေမယ့် အစိုးရက တော့ အမျိုးသားနေ့လို့ မခေါ်ချင်ဘူး။ ပြည်နယ်နေ့လို့ ခေါ်ချင်တာ။ အဲဒါက ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်နေ့ ပင်လုံစာချုပ် မချုပ်ခင် ငါးရက်အလိုမှာလုပ်တာ။ ဒါကတော့ သျှမ်းပြည်သူလူထုတွေ အကုန်လုံးပါတယ်။ အစကတော့ အစိုးရက ပိတ်ထား တယ်။ အစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၂ခုနှစ်ကနေ အခုစပြီးပြန်လုပ်လာခဲ့ပြီ ဖြစ်ပါတယ်။
သျှမ်းအာဇာနည်နေ့ရှိသင့်တယ် မရှိသင့်ဘူးဆိုတာကတော့ အခုထိ ဘယ်သူမှအတွေးမရှိသေးဘူး။ ပြောခဲ့သလိုပဲ တော်လှန်ရေးနေ့ရောက်ပြီဆိုရင် ကျဆုံးသွားကြတဲ့ စစ်သားတွေ၊ ပြည်သူတွေအတွက် ကုသိုလ်ကောင်းမှု လုပ်ကြတာပဲ ရှိပါ တယ်။ ကိုယ့်အမျိုးကိုယ်ချစ်ရမယ်ဆိုတာ ဒါဟာ သဘာဝဖြစ်တဲ့အတွက် အထွေအထူး ပြောစရာမရှိပါဘူး။ ဒါပေမယ့် ကိုယ့်အ မျိုးအတွက် ကိုယ်ဘာလုပ်နေသလဲ၊ ကိုယ်ဘာမြင်သလဲ၊ ကိုယ်ဘာတွေးနေသလဲ၊ ကိုယ်ဘာပြောနေသလဲ စဉ်းစားဖို့ လိုတာပေါ့ နော်။ အယူအဆအရ ကိုယ့်အမျိုးကိုချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ လုပ်ဖို့တာဝန်ရှိတာကိုး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ် ချစ်ရမှာက သတ္တဝါအားလုံးကိုဖြစ်တယ်။ ကိုယ့်အမျိုးမှ ချစ်ရမယ်လို့မဟုတ်ပေမယ့် ကိုယ့်အမျိုးက ကိုယ်နဲ့အနီးစပ်ဆုံး သတ္တဝါ ဖြစ်တော့ အနီးစပ်ဆုံးသတ္တဝါကို ကိုယ်က ဘာမှမလုပ်ပေးဘူးဆိုရင် ကိုယ် လူဖြစ်ရကျိုးမနပ်ဘူး ဖြစ်သွားမှာပါပဲ။