ဇူလိုင် ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယခုရက်ပိုင်းအတွင်း သောက်ရေ၊ သုံး ရေများကို ချွေတာသုံးစွဲနေရသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း အဆိုပါစခန်းတွင်း နေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။
ဇူလိုင်လ ဒုတိယအပတ်မှ စတင်ကာ ပုံမှန် ရေပေးဝေသည့်စက် ချို့ယွင်းမှုကြောင့် ရက်ခြားစနစ်ဖြင့်သာ ရေပေးဝေနိုင်သည့်အ တွက် ရေသုံးစွဲမှုမှာ အခက်အခဲအချို့ရှိနေကြောင်း အုန်းဖျန်စခန်း၊ ဇုံ(အေ)တွင် နေထိုင်သည့်ဒုက္ခသည်အမျိုးသမီး နော်ဘော ညောက ယခုလို ပြောသည်။
“ရေက အရင်ကလို နေ့တိုင်းမဟုတ်ဘဲ တစ်ရက်ခြားပေးတယ်ဆိုတော့ ချွေတာသုံးစွဲနေရတာပေ့ါ။ ပေးတဲ့အခါမှာလည်း တစ်ချို့ အမြင့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တွေက ရေမရောက်တော့ အခက်အခဲ တွေ့နေရတာတော့ ရှိတယ်။ ဒါပေမယ့် လုံးဝ သုံးစရာမရှိဘဲ ပြတ်သွားတာမျိုးတော့ မဟုတ်ပါဘူး”ဟု နော်ဘောညောက ကေအိုင်စီသို့ ပြောသည်။
အုန်းဖျန်ဒုက္ခသည်စခန်းတစ်ခုလုံးအတွက် ရေသွယ်ယူသည့်စမ်းချောင်းမှာ ယခင်နှစ်များထက် ရေသိသိသာသာ လျော့နည်းလာ မှု၊ ရေပေးဝေသည့်စက် ချို့ယွင်းမှုများကြောင့် လက်ရှိတွင် ရပ်ကွက်အလိုက် တရက်ခြား ပေးဝေနေပြီး တစ်ကြိမ်လျှင် အနည်း ဆုံး တစ်နာရီခွဲခန့်သာ ရေလက်ခံရရှိကြောင်း သိရသည်။ ၎င်းရေပေးဝေစက်ကို ၁၉၉၉ခုနှစ်မှ စတင် သုံးစွဲခဲ့ခြင်းဖြစ်ပြီး ဇုံ(အေ) နှင့် ဇုံ(ဘီ)တွင် ရေလှောင်ကန်တစ်ခုစီထားရှိကာ ယခင်က မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ဖြင့် စုစုပေါင်းအချိန် (၈နာရီ)ကြာ နေ့စဉ် ရေပေးဝေနေခြင်းဖြစ်သည်။
ယခုလို သောက်ရေ၊ သုံးရေ ခက်ခဲမှု အခြေအနေများနှင့်ပတ်သက် ၍ အုန်းဖျန်စခန်းဥက္ကဋ္ဌ စောဝါးထီးက “အခုလိုဖြစ်တာက သဘာဝပတ်ဝန်းကျင်တွေ ပြုန်းတီးတာလည်း ပါပါတယ်။ အဲဒီတော့ ရေက အရင်ကထက်စာရင် နည်းသွားတယ်။ မီးစက်က လည်း အရင်ကတည်းက ခနခန ပျက်လေ့ပျက်ထရှိတယ်။ အခုလည်းပျက်နေတဲ့ ရေစက်ကို ပြန်ပြင်ဆင်နေတုန်းဖြစ်ပါတယ်။ ရေစက်အသစ်ဝယ်ဖို့ကတော့ အခုလောလောဆယ် အခြေအနေက မဖြစ်နိုင်သေးဘူးထင်တယ်”ဟု ပြောသည်။
အုန်းဖျန်ဒုက္ခသည်စခန်းကို ၁၉၉၉ခုနှစ်၊ ဩဂုတ်လ ၂၃ရက်နေ့တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဇုံ (အေ)နှင့် (ဘီ)နှစ်ခုအ တွင်း ရပ်ကွက်ပေါင်း (၁၆)ခုရှိကာ ဒုက္ခသည်ဦးရေ စုစုပေါင်း တစ်သောင်းသုံးထောင်ကျော်ရှိကြောင်း သိရသည်။



















