စောဆဲဒို့ (ခ) စောမိုးထက်မြင့် ၂၂နှစ်
ဝါသနာ နိုင်ငံရေး၊ ဂီတ
ပညာရေးအရည်အချင်း ၁ဝတန်း
ကျနော်က ဘိတ်-ထားဝယ်မှာ နေပါတယ်။ ကျနော့် မွေးချင်းမောင်နှမ ၇ယောက်မှာ အစ်ကို ၃ယောက်၊ အစ်မ ၃ယောက်နဲ့ ကျနော်က အငယ်ဆုံးသားပါ။ ကျနော့်အမေက နော်အေးဒါ၊ အဖေက စောစန်းမြိုင် ဖြစ်ပါတယ်။ မိဘတွေကတော့ ဥယျာဉ်ခြံ လုပ်ကိုင်ပါတယ်။ ဇာတိကတော့ တနသင်္ာရီတိုင်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဒုံးဇလပ်ရွာဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆယ်တန်း အထိ ကျနော်ကျောင်းတက်ခဲ့ဖူးပါတယ်။ ဒီမှာ အဆင်မပြေလို့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ Youth Empowerment Program (YEP) ကျောင်းတက်တယ်။ ကျောင်းပြီးတာနဲ့ ပြန်လာတယ်။ အခုလက်ရှိ ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ဆက်ဆံရေးရုံးမှာ ပြန်လာလုပ်တယ်။
ကျနော် ၁၉၉၇လောက်မှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ဘိတ်က ဇလပ်ရွာကိုသွားပြီး သူငယ်တန်းကနေ လေးတန်းအထိ နေခဲ့တယ်။ ငါးတန်းကျတော့ သရက်ချောင်းမြို့နယ် ပအိုဝ်းကျောင်းမှာ တက်ခဲ့တယ်။ ၆တန်းနဲ့ ၇တန်းကျတော့ ပုလဲအော်ဆိုတဲ့ရွာကို ပြန် ပြောင်းတယ်။ ရှစ်တန်း၊ ကိုးတန်းမှာ ပလောက်မြို့နယ်ခွဲမှာ ကျောင်းတက်တယ်။ ကျနော် ၉တန်းနှစ်မှာတော့ ကျနော်မိသားစု သိပ်အဆင်မပြေလို့ ကျနော်ကျောင်းကို တစ်ဝက်ပဲ တက်ခဲ့ရတယ်။ ကျနော် ကျောင်းတနှစ်နားပြီး မှော်ဘီတိုက်ကြီးမှာ ကျောင်း ပြန်တက်တယ်။ ဆယ်တန်းကိုတော့ ၂၀၁၁-၂၀၁၂ပညာသင်နှစ်က အင်းစိန် အထက(၁)ကျောင်းမှာ ဖြေခဲ့ပေမယ့် မအောင်တဲ့ အတွက် ဘိတ်ကိုပြန်လာပြီး ၂၀၁၃ မှာ ကျနော် YEP ကျောင်းကို သွားတက်တာပေါ့။ ဆယ်တန်းနှစ်တုန်းကဆိုရင် မိသားစု စားဝတ်နေရေး အဆင်မပြေတော့ ကောင်းကောင်းမွန်မွန် ကျောင်းမတက်ခဲ့ရသလို စာမေးပွဲလည်း မအောင်မြင်ခဲ့ပါဘူး။ နယ်စပ် ဘက်မှာ ကျောင်းပြန်တက်တဲ့အခါကျတော့လည်း မြန်မာနိုင်ငံ ပြည်တွင်းနဲ့ နယ်စပ်က ပညာရေး ကွာခြားချက်တွေ ရှိတယ်။ ပြည်တွင်းသင်ကြားမှု နည်းစနစ်က စာတစ်ပုဒ်ကို အသေကျက်မှတ်ခိုင်းတယ်။ နယ်စပ်ကျောင်းကတော့ စာဆိုတာ ကိုယ် နားလည်သလောက်ကျက်၊ အဲဒီထဲမှာ ဖြစ်နိုင်ချေရှိ၊ မရှိ ပြန်တွေးပြီးတော့ ဖြေတယ်။
ကျနော်ငယ်ငယ်တုန်းကဆိုရင် ဂီတကို စိတ်ဝင်စားတယ်။ ကြီးလာတော့ ကျောင်းတက်ရင်းနဲ့ နိုင်ငံရေးကို ဝါသနာပါလာတယ်။ ဘာကြောင့် နိုင်ငံရေးကို စိတ်ဝင်စားသွားလဲဆိုတော့ ငယ်ငယ်ကတည်းက ကြားရ၊ မြင်ခဲ့ရတာတွေ ရှိနေလို့ပါ။ နေရာအနှံ့မှာ နိုင်ငံရေးဟာ ကိုယ့်နိုင်ငံနဲ့ အခြားနိုင်ငံနဲ့နှိုင်းယှဉ်ရင် နောက်မှာပဲ ကျန်ခဲ့တယ်။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အပိုင်း တွေ တရားမျှတမှု မရှိတဲ့နိုင်ငံဖြစ်နေလို့ပါ။ သူများနိုင်ငံ(ဒီမိုကရေစီနိုင်ငံ)ကျတော့ ကြိုက်သလို သီချင်းတစ်ပုဒ်ကို လွတ်လွတ် လပ်လပ် ရေးချင်သလို ရေးလို့ရတယ်။ ကိုယ့်နိုင်ငံမှာ အဲလိုမရှိဘူး။ နိုင်ငံရဲ့တိုးတက်မှုက တိုးတက်သင့်သလောက် မတိုးတက် ဘူး။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်စိတ်ထဲမှာ ခံစားနေရတယ်။ ကိုယ့်လူမျိုးနဲ့ တခြားဘဝတူ နိုင်ငံသားအချင်းချင်းတွေ ဖိနှိပ်ချုပ် ချယ်ခံနေရတာ မြင်တွေ့ရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တတ်နိုင်တဲ့ဘက်က ပါဝင်လုပ်ဆောင်ဖို့ စိတ်ဝင်စားတယ်။ ကျနော်အနေနဲ့ ပြင်ဆင်မှုကတော့ နိုင်ငံရေးဗဟုသုတတွေ၊ သမိုင်းကြောင်းတွေ၊ ကိုယ့်ရဲ့အဖွဲ့အစည်းတွေရဲ့အကြောင်းတွေ လေ့လာနေပါတယ်။
လတ်တလော အခြေအနေမှာ လူငယ်တွေ မူးယစ်ဆေးသုံးစွဲမှုတွေများတော့ ပြီးခဲ့တဲ့လကပဲ ကျနော်တို့ လူငယ်နဲ့ မူးယစ်ဆေးဝါး နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ခုလုပ်သေးတယ်။ မူးယစ်ဆေးဝါးကို ပပျောက်ဖို့ ဘယ်လိုလုပ်မှာလဲ အမျိုးမျိုးပဲပြောနေကြတယ်။ မူးယစ်ဆေးဝါးက ကျနော်တို့လူငယ်တွေရဲ့ တိုးတက်မှုကို တအားဆုတ်ယုတ်စေတယ်။ မူးယစ်ဆေးဝါးဆိုတာ ကျနော်တို့လူငယ် အတွက် အန္တရာယ်အကြီးဆုံး အရာတစ်ခုလည်း ဖြစ်တယ်။ ကျနော်နောက်ဆုံးပြောချင်တာက ကိုယ်ကောင်းစားနေတဲ့အချိန်မှာ ကိုယ့်ရဲ့ ကရင်လူမျိုးကို မမေ့ဖို့နဲ့ တဖက်တလမ်းကနေ ကူညီဖို့ပါ။ နောက်ပြီး ဘယ်နေရာပဲရောက်ရောက် ကိုယ့်ရဲ့ ရိုးရာယဉ် ကျေးမှုနဲ့ ဘာသာစကားတွေ ထိန်းသိမ်းကြဖို့ ပြောချင်ပါတယ်။ ကိုယ့်ရဲ့ အမျိုးသားရေးအတွက် ကိုယ်တတ်ထားတဲ့ ပညာနဲ့ တတ်နိုင်သလောက် ဝိုင်းဝန်းလုပ်ဆောင်စေချင်တယ်။