မေ ၂ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့၊ ထိုင်းအလုပ်သမားများနှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမား တစ်ထောင် ကျော်က ယမန်နေ့က ကျရောက်သော (၁၂၄)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ် အခမ်းအနားများ ကို ကျင်းပခဲ့ကြသည်။
မဲဆောက်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ထိုင်းအလုပ်သမားအ ချို့က မဲဆောက်မြို့နယ်ရုံးမှ မေဒေးနေ့ အခမ်းအနားကျင်းပရာ မြူနီစီပယ်ကွင်း(ထေ့စဘန်းကွင်း)သို့ လမ်းလျှောက်ချီတက်ခဲ့ကြ သည်။
၎င်းလမ်းလျှောက်ချီတက်ပွဲတွင် ပါဝင်သူ အလုပ်သမ မမာလာဝင်းက “အလုပ်သမားတစ်ယောက်အနေနဲ့ အခုလို မေဒေးမှာ တက်ရောက်ခွင့်ရတာ ဂုဏ်ယူတယ်။ ကျမအလုပ်လုပ်နေတဲ့ စက်ရုံဆိုရင် နှစ်တိုင်း မေဒေးကို တက်ရောက်တယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ မေဒေးနေ့ အခမ်းအနားကို ထေ့စဘန်းကွင်းတွင် ပြုလုပ်ကြရာ၌ အလုပ်သမားများအား ကျန်းမာရေး အသိပညာ၊ အလုပ်သမားအခွင့်အရေးများကို ဆောင်ရွက်ပေးကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း(NGOs) များလည်း တက်ရောက် ခဲ့ကြပြီး ဘောလုံး၊ ဘောလီဘော၊ အပြေးပြိုင်ပွဲ စသည့်အားကစားပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့ကြသည်။
တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး Samat Loifa က ယနေ့ကျရောက်သည့် မေဒေးနေ့၌ ထိုင်းအလုပ်သမားများအပြင် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများကလည်း ယခုလို စုစည်းတက်ကြွစွာ ပါဝင်ဆင်နွဲကြသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြော ကြားသွားခဲ့သည်။
ထို့အပြင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအရေး ဆောင်ရွက်လျှက်ရှိကြသည့် အလုပ်သမားအဖွဲ့အစည်းများကလည်း မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်းတွင် မေဒေးနေ့ အခမ်းအနားကို ယနေ့ ကျင်းပခဲ့ကြသည်။
မဲဆောက်တွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအရေး ဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ရုံးတာ ဝန်ခံ ကိုမျိုးဇော်က “မေဒေးနေ့ ဖြစ်ပေါ်လာပုံကို အလုပ်သမားတွေ သိစေဖို့ ကျနော်တို့ အခမ်းအနားလုပ်တာပါ။ အလုပ်သမား တွေ အခွင့်အရေးအပြည့်အဝ ရဖို့ဆိုရင် မေဒေးစိတ်ဓါတ်အတိုင်း စည်းလုံးညီညွှတ်စွာနဲ့ အလုပ်သမားတွေကိုယ်တိုင် တောင်းဆို တိုက်ပွဲဝင်ဖို့ လိုတယ်”ဟု ပြောသည်။
လွန်ခဲ့သည့် နှစ်ပေါင်းရာကျော်က တစ်ရက်တာ အလုပ်ချိန် ၈နာရီ သတ်မှတ်ပေးရေးအတွက် အလုပ်သမားပေါင်းများစွာက သွေးမြေကျခံ၍ တောင်းဆိုတိုက်ပွဲဝင်ခဲ့ပြီးမှ ဖြစ်ပေါ်လာသော မေဒေးနေ့ကို တကမ္ဘာလုံးရှိ အလုပ်သမားများက ၎င်းတို့၏ အခွင့်အရေးများ ရရှိရေးအတွက် ယနေ့အထိတိုင် ဆက်လက် တိုက်ပွဲဝင်နေကြရသည်ဟု သူက ဆက်ပြောသည်။
မဲဆောက်မြို့တွင် ပြီးခဲ့သည့် ဆယ်စုနှစ်များမှစ၍ နှစ်စဉ် မေလ ၁ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ (မေ ဒေး)ကို ထိုင်းအလုပ်သမားများနှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများက ဂုဏ်ပြုအခမ်းအနား ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။



















