Home သတင်း ‌လေဆင်နှာ‌မောင်း‌ကြောင့် ဖားအံမြို့နယ်တွင် အ‌ဆောက်အဦး ၈၀‌ကျော်ပျက်စီး

‌လေဆင်နှာ‌မောင်း‌ကြောင့် ဖားအံမြို့နယ်တွင် အ‌ဆောက်အဦး ၈၀‌ကျော်ပျက်စီး

1927

‌မေ ၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လှာကမြင်‌ကျေးရွာအုပ်စု၌ ‌မေ ၁ရက်‌နေ့၊ ‌နေ့လည် ၂နာရီအချိန်တွင် ‌လေဆင်နှာ‌မောင်း ဝင် ‌ရောက်တိုက်ခတ်‌သော‌ကြောင့် လူ‌နေအိမ်များ၊ စာသင်‌ကျောင်းနှင့် အုပ်ချုပ်‌ရေးမှူးရုံး စသည့် အ‌ဆောက်အဦး‌ပေါင်း ၈၀‌ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

ထိုသို့ ‌လေဆင်နှာ‌မောင်းတိုက်ခံရသည့်‌နေရာများသည် တဝန်သံရွာ၊ ရသ‌ဝေါ်ကွက်သစ်၊ လှာကမြင်ကွင်းသစ်၊ မြို့ပြကွက်သစ်၊ မဲ‌ဘောင်ရွာ၊ ‌တောင်က‌လေး အ.ထ.လ(ခွဲ)စာသင်‌ကျောင်း၊ စစ်တပ်အ‌ဆောက်အဦးနှင့် အုပ်ချုပ်‌ရေးမှူးရုံးများ ပါဝင်ပြီး အများ အားဖြင့် ‌ခေါင်မိုးများ ပျက်သွားခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

လှာကမြင်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စော‌ဌေး‌ကျော်မျိုးက “ပျက်စီးသွားတဲ့ အ‌ဆောက်အဦး အလုံး ၈၀‌ကျော်ရဲ့ စာရင်းကို ကျ‌နော် တို့ ရထားပါတယ်။ အများအားဖြင့် ‌ခေါင်မိုး‌တွေ ပျက်စီးတယ်။ အ‌ဆောက်အဦးတစ်ခုလုံး ပျက်စီးသွားတာလည်း ရှိတယ်။ ‌လေဆင်နှာ‌မောင်းတိုက်လို့ ကျ‌နော်‌ကျေးရွာရုံးဆိုရင် အ‌ရေးကြီးစာရွက်စာတမ်း‌တွေအားလုံး ‌ရေဆိုပြီးပျက်စီးသွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ပျက်စီးဆုံးရှုံးသွားသည့် အ‌ဆောက်အဦးများ၏ စာရင်းကို မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူးရုံးသို့ တင်ပြသွားမည်ဖြစ်ပြီး မြို့နယ်က မည်သို့ကူညီ‌ဆောင်ရွက်သွားမည်နှင့်ပတ်သက်၍ ပြန်စာရရှိပြီးမှသာ အ‌ကြောင်းစုံ သိရမည်ဟု ‌စော‌ဌေး‌ကျော်မျိုးက ဆက်‌ပြောသည်။

‌လေဆင်နှာ‌မောင်းတိုက်ခတ်၍ ‌နေအိမ်တစ်ခုလုံး ပျက်စီးသွားသည့် လှာကမြင်ကွက်သစ်‌နေ အဖွားအိုတစ်ဦးဖြစ်သူ ‌ဒေါ်ချိုက “အဖွားက အဘိုးနဲ့နှစ်‌ယောက်ပဲ ရှိတယ်။ အားကိုးရတဲ့ သားသမီး‌တွေလည်း မရှိဘူး။ ရှိတာက ဒီအိမ်ပဲ‌လေ။ အိမ်ပျက်စီးသွားတယ်ဆို‌တော့ ပြန်‌ဆောက်ဖို့ကလည်း ‌ငွေတစ်ပြားမှ မရှိလို့ အဖွားတို့ စိတ်‌သောက ‌ရောက်ရပါ တယ်”ဟု ‌ပြောသည်။

လှာကမြင်‌ကျေးရွာအုပ်စုအတွင်း ဝင်‌ရောက်တိုက်ခတ်ခဲ့သည့် ၎င်း‌လေဆင်နှာ‌မောင်းသည် အ‌ရှေ့‌မြောက်‌ထောင့်မှ တိုက်ခတ် လာခြင်းဖြစ်‌ကြောင်း၊ ‌ဒေသခံများ ထိခိုက်ဒဏ်ရာရမှုများ မရှိ‌ကြောင်းနှင့် လှာကမြင်‌ကျေးရွာအုပ်စုကို ပထမဆုံးအကြိမ်အဖြစ် ဝင်‌ရောက်တိုက်ခတ်ခြင်းဖြစ်‌ကြောင်း သိရသည်။

လက်ရှိ လှာကမြင်‌ကျေးရွာအုပ်စုအတွင်း ‌လေဆင်နှာ‌မောင်းတိုက်ခတ်ခံရ၍ ပျက်စီးသွားသည့် အ‌ဆောက်အဦးများကို ဖားအံမြို့ နယ်ရှိ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများက ယ‌နေ့မနက်အထိ လာ‌ရောက်ကွင်းဆင်း စစ်‌ဆေးခြင်းများ မရှိ‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

လှာကမြင်‌ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ မိုးရာသီအတွင်းက ‌ရေကြီးမှုများဖြစ်ပွားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ‌ဒေသခံများအား လာ‌ရောက်အကူအညီခဲ့မှုများ ရှိခဲ့သည်ဟု လှာကမြင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စော‌ဌေး‌ကျော်မျိုးက ဆိုသည်။