(စကိုင့်မီး)
အစိုးရသစ်တက်ပြီးနောက်ပိုင်း (၁၇/၁)ပုဒ်မ မတရားအသင်းအက်ဥပဒေနဲ့ အဖမ်းအဆီးခံရသူများမှာ ကချင်ဒေသမှ အများဆုံး ဖြစ်နေသည်ဟု သိရှိရသည်။ ဝန်ကြီးဦးအောင်မင်းသည် ၂၀၁၂ စက်တင်ဘာ(၄)ရက်နေ့တွင် ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ပြု လုပ်ခဲ့သော ကေအဲန်ယူနှင့် အစိုးရ ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့၏ နှစ်ဖက်ကိုယ်စားလှယ်များ သတင်းစာရှင်း လင်းပွဲတွင်(၁၇/၁)ပုဒ်မဆိုတာ နိုင်ငံတော်ကချမှတ်ထားတဲ့ ပြစ်ဒဏ်ပုဒ်မဖြစ်၍ လုံးဝဖျက်ဖို့မဖြစ်ကြောင်းကို ပြောကြားသွားခဲ့ သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)ရှိ နိုင်ငံတော် အခြေခံမူများတွင် ဝန်ကြီးဦးအောင်မင်းပြောသော နိုင်ငံတော်ဆိုသည်ကို ပုဒ်မ(၄)တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်ဟု ဖေါ်ပြပါရှိချက်အရ ဒီမိုကရေစီနိုင်ငံတို့၏ အသက်သွေးကြောဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင် ရေးအာဏာတည်းဟူသော ခက်မသုံးဖြာ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ယင်းသို့ ဖေါ်ပြထားသော်လည်း ဝန်ကြီးဦးအောင်မင်း၏ ပြောကြားချက်နှင့် ဆက်စပ်၍ ပြန်လည်ဆန်းစစ်ကြည့်သော် ၂၀၀၈ ဥပဒေပါ အခန်း(၁) နိုင်ငံတော်အခြေခံမူများဟု ဖေါ်ဆောင်ထားခဲ့သည်။
နိုင်ငံတော်နှင့် အခြေခံမူများကို နှစ်ပိုင်းခွဲ၍ ဖေါ်ပြထားသဖြင့် နိုင်ငံတော်ဟု ဖေါ်ဆောင်မှုအရ နိုင်ငံတော်၏ အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံမှ ဆင်းသက်လာသည်ဆိုသော်လည်း အခြေခံမူများ၏ ဖေါ်ဆောင်မှုအရ ပုဒ်မ(၆)၊ အခန်း(၅) နိုင်ငံတော် ၏ အမျိုးသားရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ဖေါ်ပြထားသည်။ သို့သော် ပုဒ်မ(၄၇)ပါ အခြေခံမူများနှင့် အခန်း(၈)ပါ နိုင်ငံသားများ၏ မူလအခွင့်အရေး အခန်းတွင်ပါရှိသော မြန်မာနိုင်ငံတော်ဆိုသည်မှာ ရှေ့၊ နောက် စကားရပ်တို့၏ အဓိပ္ပါယ်ကိုထောက်၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုမှု အခွင့်အာဏာကိုသော်လည်းကောင်း၊ အုပ်ချုပ်မှုအခွင့်အာဏာကိုသော်လည်းကောင်း၊ ကျင့်သုံးသော အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တို့ကို ဆိုလိုသည်ဟု ဖေါ်ပြထားသည်။
နောက်ဆုံးပုဒ်မ(၄၈)တွင် နိုင်ငံတော်၏အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဋ္ဌာန်းရာတွင်လည်းကောင်း၊ ဤဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက်အဓိပ္ပါယ် ဖွင့်ဆိုရာတွင်လည်းကောင်း၊ လိုက်နာရမည့် လမ်းညွှန်မှုများဖြစ်ပါသည်ဟု ဖေါ်ပြထားသည်။ ထို့အတွက် နိုင်ငံသားများထံမှ ဆင်းသက်လာသည်ဆိုသော ၂၀၀၈ အခြေခံဖွဲ့စည်းပုံသည် နိုင်ငံတော်ဟူသော ဖော်ဆောင်မှုနှင့် အခြေခံမူများဟူသော ဖော်ဆောင်မှုအား ရှေ့နောက်ပြု၍ ၂၀၀၈ ဥပဒေက ပြန်လည်ချုပ်ကိုင် ရုတ်သိမ်းထားသည့်အတွက် ဝန်ကြီးဦးအောင်မင်းက (၁၇/၁)ပုဒ်မကို ဖျက်၍မရကြောင်း ပြောကြားခဲ့ခြင်းပင် ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ထွန်းကားရန် ပြည်သူများ၏ ရိုးစင်းသော၊ သိက္ခာရှိသော ဆန္ဒ အမှန်ကို ဖော်ထုတ်နိုင်မှု မရသေးသရွေ့ “မဲပြာပုဆိုးကိုပင် ချုပ်ရိုးပြန်တင်ထားသကဲ့သို့ပင်” ဖြစ်ချေတော့မည်မှာ မလွဲဧကန်ပင် ဖြစ်လေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၉ခုနှစ်၊ မေလတွင် အုပ်ရေ ၅,၀၀ဝ ထုတ်ခဲ့သည့်အတွက် မြန်မာတိုင်းရင်း သား ၇ဝတွင် မည်မျှလက်ဝယ်ရရှိ၍ ဖတ်မိနိုင်ဖို့ရာထက် အုပ်ချုပ်သူများ (ဝါ) တာဝန်ရှိသူများ၏ လက်ဝယ်သို့ပင် စေ့ငှမှု မရှိနိုင် ဟုဆိုလျှင်လည်း မှားအံ့မထင်ပေ။ ထို့ကြောင့် နိုင်ငံရေးသုတေသီများ၊ ဥပဒေပညာရှင်များက အခြေခံလူတန်းစားများ နားလည် သဘောပေါက်စေရန် ရိုးစင်းသော ရေးသားမှုများဖြင့် အခြေခံဥပဒေအား ထင်သာမြင်သာ ပြုပြင်ရေးဆွဲနိုင်ရန် ပြည်သူတိုင်း၏ လက်ဝယ် ရောက်ရှိစေရန်များကို ဖော်ကျူးနေသည့်အတွက် စာရေးသူအနေဖြင့်လည်း ပြည်သူများကိုယ်စား ထောက်ခံ ကြိုဆိုလိုက်ရပါတော့သတည်း။