Home သတင်း ‌မြောက်ပိုင်းအိုင်ယာလန်နှင့် မြန်မာနိုင် ငံ၏ ငြိမ်းချမ်း‌ရေးဖြစ်စဉ် ကွာခြား‌ကြောင်း KNU ‌ပြောဆို

‌မြောက်ပိုင်းအိုင်ယာလန်နှင့် မြန်မာနိုင် ငံ၏ ငြိမ်းချမ်း‌ရေးဖြစ်စဉ် ကွာခြား‌ကြောင်း KNU ‌ပြောဆို

2059
နိုဝင်ဘာ ၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောသိန်းမြင့်

‌မြောက်ပိုင်းအိုင်ယာလန်၏ ငြိမ်းချမ်း‌ဖော်‌ဆောင်မှုဖြစ်စဉ်နှင့် လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ဖြစ်စဉ်သည် အလွန်ကွာခြား‌ကြောင်း ‌မြောက်ပိုင်း အိုင်ယာလန်နိုင်ငံ‌ရေး‌ဖော်‌ဆောင်မှုကို သွား‌ရောက်‌လေ့လာခဲ့ သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ်အဖွဲ့က ‌ပြောသည်။

Inter Mediate အဖွဲ့အစည်း၏ ဖိတ်ကြားချက်ဖြင့် ‌အောက်တိုဘာ ၂၇ရက်‌နေ့က ‌မြောက်ပိုင်းအိုင်ယာလန်သို့ သွား‌ရောက်ခဲ့သည့် KNU တွဲဘက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်း ဦး‌ဆောင်‌သော ကိုယ်စားလှယ်(၇)ဦးသည် ခရီးစဉ်အတွင်း ‌မြောက်ပိုင်းအိုင်ယာလန်၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ခဲ့မှုနှင့် ပတ်သက်၍ ‌လေ့လာ‌တွေ့ရှိခဲ့မှုများကို နိုဝင်ဘာ ၂ရက်‌နေ့က ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်‌ရောက်ရှိပြီး‌နောက် ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်း KNU ကိုယ်စားလှယ်အဖွဲ့မှ ‌ပြောခွင့်ရသူ ‌နော်ဘလူးမင်းနိုက်ဇန်က “‌မြောက်အိုင်ယာလန်မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်း‌ရေး ပြန်လည်ဆက်စပ်‌ဆွေး‌နွေးတယ်ဆိုတာ ကျမတို့ တိုင်းပြည်မှာ အခု စလုပ်‌နေတာပဲ။ သူတို့မှာက အားလုံးက သ‌ဘောထားရှိတယ်။ Transparacy (ပွင့်လင်းမြင်သာမှု)လည်း ရှိတာ‌ကြောင့် ဆက်သွားလို့ရတယ်။ ဒီဘက်က အစိုးရကျ‌တော့ ကျမတို့ တိုင်းရင်းသား‌တွေအ‌ပေါ် ပွင့်လင်းမှု မရှိဘူး။ တချိန်လုံး လက်မှတ်ပဲ ထိုးထိုးပြီး အ‌ကောင်အထည်‌ဖော် တဲ့‌နေရာမှာ ‌တော်‌တော် အားနည်းတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့်‌နေရာတွင် နိုင်ငံ‌တော်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံ‌ရေး ပါတီတို့က စစ်မှန်သည့် သ‌ဘောထားဖြင့် အားလုံးပါဝင်မှသာလျှင် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုသည် ဖြစ်နိုင်မည် ဆိုသည့်အ‌ကြောင်းကို ‌လေ့လာသင်ယူခဲ့ရသည်ဟုလည်း ‌နော်ဘလူးမင်းနိုက်ဇန်က ဖြည့်စွက်‌ပြောဆိုသည်။

ခရီးစဉ်တွင် Inter Mediate အဖွဲ့အစည်း၏ အကြီးအကဲ၊ ‌မြောက်ပိုင်းအိုင်ယာလန်မှ ရဲအရာရှိများ၊ နိုင်ငံ‌ရေး ပါတီ‌ခေါင်း‌ဆောင်များနှင့် နိုင်ငံ‌ရေးပညာရှင်များစသည့် အ‌ရေးပါ‌သော ပုဂ္ဂိုလ်များအား ‌တွေ့ဆုံခဲ့ကြပြီး ‌မြောက် ပိုင်းအိုင်ယာလန်၏ နိုင်ငံ‌ရေးအ‌ပြောင်းအလဲအ‌ပေါ် ‌တွေ့ဆုံညှိနှိုင်းအ‌ဖြေရှာခဲ့ပုံနှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု တွင် အစိုးရဖြစ်‌စေ၊ အဖွဲ့အစည်းဖြစ်‌စေ၊ တစ်ဦးတစ်‌ယောက်ဖြစ်‌စေ အားလုံး၏ စု‌ပေါင်းပါဝင်မှုကို အသိအမှတ်ပြု သည့် အ‌ကြောင်းအရာများကိုလည်း ‌လေ့လာခဲ့ရ‌ကြောင်း KNU ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။

ဆက်လက်၍ လက်ရှိ မြန်မာအစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းတို့ ပြုလုပ်‌နေသည့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု နှင့် ပတ်သက်၍ ‌မြောက်ပိုင်းအိုင်ယာလန်တာဝန်ရှိပုဂ္ဂိုလ်များက အထင်အမြင်ယူဆချက်နှင့် မှတ်ချက်များ‌ပေး ရန်ထက် ၎င်းတို့၏ နိုင်ငံ‌ရေး‌ဖော်‌ဆောင်မှုအ‌ခြေအ‌နေကို အဓိကထား တင်ပြခဲ့ကြသည်ဟု ‌နော်ဘလူးမင်းနိုက် ဇန်က ‌ပြောသည်။

KNU ၏ ‌လေ့လာ‌ရေးခရီးစဉ်နှင့်ပတ်သက်၍ ဒီမိုက‌ရေစီ ကရင်အကျိူးပြုတပ်မ‌တော်(DKBA)မှ ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးထွန်းထွန်းက “အပြည်ပြည်ဆိုင်ရာ အ‌တွေ့အကြုံနဲ့ ယှဉ်ပြီး ကြည့်တာက‌တော့ ‌ကောင်းပါ တယ်။ ဘာဖြစ်လဲဆိုရင် ကျ‌နော်တို့ မသိ‌သေးတဲ့အချက်‌တွေ သိလာရမှာ‌ပေါ့။ အနာဂါတ် ကျ‌နော်တို့ နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေးလုပ်ငန်းအတွက် ‌ကောင်းတဲ့အချက်‌တွေ အသုံးပြုရနိုင်တဲ့အချက်‌တွေ ရလာမယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မြောက်ပိုင်းအိုင်ယာလန်၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ‌လေ့လာ‌ရေး ခရီးစဉ်တွင် ပဒို မန်းမန်းမန်း၊ နိုင်ငံခြား‌ရေး ဌာနတာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေ၊ ‌စောဆဲပွယ်၊ ‌စော‌အော်‌ဘောမူ၊ ‌နော်ဘလူး မင်းနိုက်ဇန်၊ ‌နော်စူစဲန်နာလှလှ စိုးနှင့် ‌နော်က‌ညော‌ဖောတို့ ပါဝင်သည်။

‌မြောက်ပိုင်းအိုင်ယာလန်သည် အဂင်္လန်နိုင်ငံ၏ အစိတ်အပိုင်း နယ်‌မြေတစ်ခုဖြစ်ပြီး ၁၉၉၈ခုနှစ်တွင် ဗြိတိန်အစိုး ရမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ပေး လိုက်‌သော နိုင်ငံတစ်နိုင်ငံဖြစ်သည်။