နိုဝင်ဘာ ၅ရက်၊ ၂၀၁၃ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင်အတွင်းရှိ အမို-ဆင်ဖြူတိုင်-ဘောင်းတိလမ်းခွဲတွင် ယမန်နေ့ နေ့လည် ၁၂နာရီက ဗုံး တစ်လုံး ပေါက်ကွဲရာ ထိုင်းလူမျိုးအရပ်သား ၃ဦးနှင့် မြန်မာစစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ကေအိုင်စီ က စုံစမ်းသိရှိရသည်။
အဆိုပါဗုံးပေါက်ကွဲသည့်နေရာမှာ မြန်မာအစိုးရ၏ ကမ်းရိုးတန်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ(၂၈၀) ဂိတ် နေရာတွင်ဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် စပါးရိတ်ရာမှ ပြန်လာသည့် ထိုင်းလူမျိုးများ စီးနင်းလာသော ဆိုင်ကယ်နှစ်စီးပါ ပျက်စီး သွားသည်ဟု ကိုယ်တိုင် သွားရောက်တွေ့ရှိခဲ့သူ ခရီးသွားတစ်ဦးက ယခုလို ပြောသည်။
“အဲဒီဂိတ်က ဂိတ်အသစ်လေ။ လာဖွင့်တာ ၆လလောက်ပဲရှိအုံးမယ်။ အဲဒီဂိတ်က တပ်ကြပ်ကြီး မင်းဦးက ထိုင်းလူမျိုး ၃ယောက် ကို စစ်ဆေးအပြီးပြန်ထွက်ဖို့ ဆိုင်ကယ်ဖင်အလှည့်မှာ ဗုံးကိုသွားထိမိပြီး ပေါက်တာပဲ။ ဒီတော့ ထိုင်းလူမျိုး ၃ယောက်စလုံးနဲ့ စစ်တဲ့ တပ်ကြပ်ကြီးပါ ထိသွားတာပေါ့။”ဟု ၎င်းခရီးသွားက ပြောဆိုသည်။
ခမရ(၂၈၀) တပ်ရင်းမှူးမှာ ဗိုလ်မှူးလင်းထင်ဦးဖြစ်ပြီး တပ်ခွဲမှူးဗိုလ်ကြီးပြည့်ထူးအောင် ဖြစ်သည်။ ၎င်းတို့လာရောက်ဖွင့်ထား သည့်ဂိတ်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ အတန်အသင့် နယ်ကျော်ဝင်ရောက်နေပြီး ဖြတ်သန်းသွားလာသူတစ်ဦးလျှင် ဘတ်ငွေ ၂၀၀၊ လယ်ထွန်စက်တစ်စီးလျှင် ဘတ်ငွေ ၅၀ဝ ကောက်ခံလျှက်ရှိသည်ဟု ထိုနယ်စပ်တွင် သွားလာသူများက ပြောသည်။
ထိုနေရာသည် တနသင်္ာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ အမိုကျေးရွာ၊ ဆင်ဖြူတိုင်ကျေးရွာနှင့် ထိုင်းနိုင်ငံ ဆိုင်ယွတ်မြို့နယ်၊ ဘောင်းတိကျေးရွာသို့ သွားသည့် လမ်းသုံးခွဆုံနေရာဖြစ်ပြီး ခမရ(၂၈၀) တပ်ရင်းမတိုင်ခင် ခမရ(၂၅)တပ်ဖွဲ့ဝင်များ သုံးလကြာ ဂိတ်ဖွင့်ခဲ့သော်လည်း လူကုန်ကူးသူများမှလွဲ၍ ကျန်ခရီးသွားများကို ငွေကြေးကောက်ခံမှုမရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဗုံးပေါက်ကွဲမှုမှာ မည်သူ့လုပ်ရပ်ဖြစ်သည်ကို မဖော်ထုတ်နိုင်သေးပေ။ အဆိုပါဒေသတွင် မြန်မာစစ်တပ်ဂိတ်မှ လွဲ၍ အခြားလက်နက်ကိုင်အဖွဲ့များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) မှလည်း ဂိတ်ဖွင့်ခြင်း၊ လှုပ်ရှားခြင်းများ မရှိကြောင်း နယ်စပ်သွားလာသူနှင့် ဒေသခံများက ပြောသည်။


















