Home သတင်း ဗဟိုဦး‌ဆောင်မှုကို အပြည့်အဝလိုက်နာ‌ကြောင်း KNU ဖာပွန်ခရိုင်ထုတ်ပြန်

ဗဟိုဦး‌ဆောင်မှုကို အပြည့်အဝလိုက်နာ‌ကြောင်း KNU ဖာပွန်ခရိုင်ထုတ်ပြန်

1782

‌အောက်တိုဘာ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

လက်ရှိ မြန်မာအစိုးရနှင့် ယုံကြည်မှုတည်‌ဆောက်‌ရေးကို ‌ထောက်ခံသလို ဗဟို၏ ဦး‌ဆောင်မှုကို အပြည့်အဝ လိုက်နာ‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မူ‌တြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)မှ ယ‌နေ့ရက်စွဲဖြင့် ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန် လိုက်သည်။

လတ်တ‌လောအချိန်တွင် KNU တပ်မဟာ(၅)သည် KNU ဗဟို၏ ဦး‌ဆောင်မှုကို မလိုက်နာဘဲ သီးသန့်ရပ်တည်လိုသည်ဟု သတင်းများ ထွက်‌ပေါ်လာသည့်အ‌ပေါ် ယခုလို ‌ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်‌ကြောင်း KNU တပ်မဟာ(၅) ရုံးထိုင်မှူး ‌ပြောခွင့် ရသူ ဗိုလ်မှူး‌စောကလယ်ဒို့က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ တပ်မဟာ(၅)ဟာ ‌ခေါင်းမာတယ်။ သီးသန့် ရပ်တည်လိုတယ်လို့ သတင်းထွက်‌ပေါ်‌နေတာ ကြား‌နေရတယ်။ ဒါ လုံးဝ မဟုတ်သလို လက်ရှိ အစိုးရတို့နှင့် ‌ဖော်‌ဆောင်‌နေတဲ့ ငြိမ်းချမ်း‌ရေးကိစ္စမှာ ဗဟိုရဲ့ ဦး‌ဆောင်မှုအတိုင်း ကျ‌နော်တို့ လိုက်နာပြီး သွား‌နေတာပါ။”ဟု ဗိုလ်မှူး‌စောကလယ်ဒို့က ‌ပြောဆိုသည်။

KNU တပ်မဟာ(၅)၏ ထုတ်ပြန်ချက်တွင် အများပြည်သူများ လိုလား‌တောင့်တ‌နေ‌သော စစ်မှန်သည့် ငြိမ်းချမ်း‌ရေး တည် ‌ဆောက်‌ရေးအတွက် ကြိုးပမ်း‌နေသည့်ကာလအတွင်း အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား ‌ဆွေး‌နွေးညှိနှိုင်းပြီး အပြန်အလှန် ယုံကြည်မှုတည်‌ဆောက်‌နေသည်ကို ၎င်းတို့အ‌နေဖြင့် အပြည့်အဝ ‌ထောက်ခံခဲ့သည်သာမက တတ်စွမ်းသမျှ အဖက်ဖက်မှ ကူညီပံ့ပိုးမှုများ ပြုလုပ်‌နေသည်ဟု ‌ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၌ အဓွန့်ရှည်‌သော ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးအတွက် ‌ဆောင်ရွက်‌နေသည့် လုပ်ငန်းများကို တစုံတရာ ‌နှောက်ယှက်ပျက်ပြား‌စေသည့်လုပ်ရပ်များ၊ အများပြည်သူ ထိခိုက်နာကျင်‌စေခြင်းများ၊ ထိတ်လန့်‌ကြောက်ရွံ့‌စေခြင်းများကို လုံးဝ ဆန့်ကျင်‌ကြောင်းလည်း ၎င်း‌ကြေညာချက်တွင် ထည့်သွင်းပါရှိသည်။

‌အောက်တိုဘာ ၁၂ရက်‌နေ့က ရန်ကုန်တိုင်း‌ဒေသကြီး အင်းစိန်မြို့နယ်၊ ‌စော်ဘွားကြီးကုန်း အ‌ဝေး‌ပြေး ကားဝင်း‌ရှေ့ ကားမှတ်တိုင် အနီး ဗုံး‌ပေါက်ကွဲမှု၊ ‌အောက်တိုဘာ ၁၄ရက်‌နေ့က အလုံမြို့နယ်ရှိ Western Park 2 စား‌သောက်ဆိုင် ဗုံးခွဲမှုနှင့် ‌ကျောက်တံတား မြို့နယ် ကုန်သည်ကြီးများဟိုတယ်အခန်း ဗုံးခွဲမှုတို့၌ သံသယရှိသူ ‌စောမြင့်လွင် (ခ) ‌မောထဆိုသူကို အစိုးရအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းမှာ ဖာပွန်‌ဒေသတွင် KNU တပ်ဖွဲ့ဝင်ဖြစ်ဖူး‌ကြောင်း အစိုးရရဲတာဝန်ရှိသူများက သတင်းဌာနများကို ‌ပြောဆိုသည်။

ဗိုလ်မှူး‌စောကလယ်ဒို့က “သတင်း‌တွေမှာ‌ပြောတာက ဗုံးခွဲတယ်လို့ ဖမ်းဆီးခံထားရတဲ့ ‌စောမြင့်လွင်ဟာ ဖာပွန်ခရိုင်မှာ KNU တပ်ဖွဲ့ဝင် ဖြစ်ခဲ့ဖူးတယ်လို့ ‌ဖော်ပြထားတယ်။ ဒါ‌ပေမယ့် ဒီလူနာမည်နဲ့ ကျ‌နော်တို့ တပ်ဖွဲ့ဝင်စာရင်းထဲမှာ ပြန်ရှာမ‌တွေ့ဘူး။ ‌နောက် ပြည်သူ‌တွေကို တိုက်ခိုက်ပြီး ဒီလို‌အောက်တန်းကျတဲ့ လုပ်ရပ်‌တွေ ကျ‌နော်တို့ လုပ်စရာ အ‌ကြောင်းမရှိဘူး။”ဟု ထပ်မံ ‌ပြောဆိုသည်။

KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်က “အခုထုတ်ပြန်ချက်ဟာ KNU ဖာပွန်ခရိုင်ရဲ့ စစ်မှန်တဲ့ သ‌ဘောထား‌တွေပါ။ သူတို့ဟာ ဗဟိုရဲ့ ဦး‌ဆောင်မှု၊ ညွှန်ကြားမှု‌အောက်မှာ ရှိတယ်ဆိုတာ ငြင်းလို့မရသလို အစိုးရနဲ့ လက်ရှိ ယုံကြည်မှု တည်‌ဆောက်‌နေတာကို အပြည့်အဝ ‌ထောက်ခံတာဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံတွင် အများပြည်သူများ လိုလား‌တောင်းတ‌နေ‌သော စစ်မှန်‌သော ငြိမ်းချမ်း‌ရေး ‌ပေါ်‌ပေါက်လာသည်အထိ ၎င်းတို့ KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅)အ‌နေဖြင့် ဗဟိုဌာနချုပ်၏ ဦး‌ဆောင်မှုအတိုင်း လိုက်နာ‌ဆောင်ရွက်သွားမည်ဟု ၎င်းထုတ်ပြန် ‌ကြေညာချက်အဆုံးတွင် ‌ဖော်ပြထားသည်။