စက်တင်ဘာ ၃ဝရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ရက်နေ့က မယ်လဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများမှ အမျိုးသမီးများ အပါအဝင် ဒုက္ခသည်များ၏ လုံခြုံရေးအတွက် အထူး စိုးရိမ်ရကြောင်း ဒုက္ခသည်များကို အကူအညီပေးနေသည့်အဖွဲ့များက ပြောဆိုလိုက်သည်။
မယ်လစခန်းမှ ဒုက္ခသည်အမျိုးသမီး နော်စိန်လှအေးဆိုသူ စခန်းပြင်ပတွင် ရင်ဘတ်ဒဏ်ရာများဖြင့် လည်ပင်းကျိုးကာ သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်အခြေစိုက် ကရင်လူထုအခြေပြုအဖွဲ့များက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကရင်ဒုက္ခသည်ကော်မတီ(KRC) တွဲဘက်အတွင်းရေးမှူး(၁) နော်ဘလူးမင်းနိုက်ဇန်က “မယ်လစခန်းအမျိုးသမီး သေဆုံးတဲ့အ ပေါ်မှာ ဒုက္ခသည်စခန်းထဲက အမျိုးသမီးတွေဟာ အခုထိ လုံခြုံမှုမရှိသေးသလို ခြိမ်းခြောက်မှုတွေ ဆက်ရှိနေသေးတာကို ပြသ တာပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။
နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် အမျိုးသမီးလုံခြုံရေးနှင့်ပတ်သက်၍ ကာကွယ်ရမည့် နည်းလမ်းများအတွက် စည်း မျဉ်းစည်းကမ်းများ မွမ်းမံတိုးချဲ ့ကာ အသိပညာပေးရေးလုပ်ငန်းများကို ယခင်ထက် ပိုမိုလုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း သူမက ဆက်ပြောသည်။
ထိုင်းအမှုစစ် ဆရာဝန် သုံးဦး၏ စစ်ဆေးချက်အရ ၎င်းမယ်လဒုက္ခသည်အမျိုးသမီး သေဆုံးသည့်အမှုမှာ အဖြေအတိအကျ မသိ ရကြောင်း ထွက်ဆိုခဲ့ပြီး တိကျသည့် လက်ဗွေရာများ သိလိုပါက ဘန်ကောက်မြို့သို့ ပို့ရမည်ဖြစ်သလို ငွေကြေးအပြင် အချိန် လည်းကြာမည်ဟု ပြောဆိုခဲ့သည်။ ထို့ကြောင့် အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်စစ်ဆေးရန် လက်ရှိအချိန်ထိ အရေးယူမှု တစုံ တရာ ပြုလုပ်နိုင်ခြင်း မရှိသောကြောင့် စခန်းအတွင်းရှိ ဒုက္ခသည်များသည် ၎င်းတို့၏ လုံခြုံရေးများအတွက် စိုးရိမ်မှုများ ဖြစ်ပွား နေကြခြင်းဖြစ်သည်။
မယ်လစခန်းရှိ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ လူမှုရေးတာဝန်ခံ နန်းအေးအေးက “ဒီသေဆုံးမှုမှာ ဒဏ်ရာတွေကို ကြည့်ရင် ရိုးသားတဲ့ သေဆုံးမှု မဟုတ်ဘူး။ ဒီလို သေဆုံးမှုမျိုးကို အဖြစ်မှန် မဖော်ထုတ်နိုင်သရွေ ့ ဒုက္ခသည်စခန်းက အမျိုး သမီးတွေအပြင် ကျန်ဒုက္ခသည်တွေအားလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသေဆုံးမှုကို အမှုမှန်ပေါ်ပေါက်ရန် မယ်လစခန်း KWO တာဝန်ရှိ ပုဂ္ဂိုလ်အချို့နှင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ ဖြစ်ပွားသည့် ရာဇဝတ်မှုများကို တရားမျှတရေး၊ အမှုမှန် ပေါ်ပေါက်ရေး ကူညီပေးနေသည့် The Legal Assistance Center (LAC)တို့က စက်တင်ဘာ ၂၇ရက်နေ့၌ မယ်လစခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။ သို့သော် သေဆုံးသူ၏ ရုပ်အလောင်း ကို မီးရှို့သၤဂြိုလ်လိုက်ပြီဖြစ်သည့်အတွက် အမှုမှန် ဆက်လက်ဖော်ထုတ်ရန် ခက်ခဲသွားကြောင်း LAC က ဆိုသည်။
“ဒီအမှုက အဖြစ်မှန်ပေါ်ပေါက်ဖို့ ကျမတို့က ဆက်လုပ်ချင်ပေမယ့် တစ်အချက်က အမှုကို တဆင့်ခံတင်လို့ မရဘူး။ နောက် တစ်ချက်က သေဆုံးသူအလောင်းလည်း မရှိတော့တဲ့အတွက် ဆက်လုပ်ရတာ ခက်တယ်။ သူ့ဆွေမျိုးတွေက ဒီအမှုကိုတင်မ တင် မသေချာဘူး။ တကယ်လို့ တင်မယ်ဆိုရင် LAC ပြောတာကတော့ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးမယ်လို့ ဆိုတယ်”ဟု နန်းအေးအေးက ပြောဆိုသည်။
မယ်လစခန်းဒုက္ခသည်များသည် စခန်းပြင်ပတွင် ကားတိုက်မှု၊ ဆိုင်ကယ်တိုက်မှုအပြင် အသက်မွေးဝမ်းကျောင်းအတွက် စခန်း အပြင်ထွက်ကာ အလုပ်လုပ်သူအချို ့ အသတ်ခံရခြင်း စသည်ဖြင့် လူသေဆုံးမှု သုံးခုထက် မနည်းရှိခဲ့ပြီး ၎င်းအမှုများသည် သက်ဆိုင်ရာ ထိုင်းတရားရုံးများသို့ တိုင်ကြားခြင်း မလုပ်နိုင်ဘဲ နောက်ဆုံးတွင် ကျေအေးကာ အဆုံးသတ်ရသည်ကများသည်။



















