Home သတင်း ကရင်‌ကျောင်းသားများရိပ်သာ ကို ဘုန်း‌တော်ကြီးသင် ပညာ‌ရေးတွဲဖက်‌ကျောင်း အဖြစ် ‌ပြောင်းလဲ

ကရင်‌ကျောင်းသားများရိပ်သာ ကို ဘုန်း‌တော်ကြီးသင် ပညာ‌ရေးတွဲဖက်‌ကျောင်း အဖြစ် ‌ပြောင်းလဲ

3237
စက်တင်ဘာလ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

DSC0843ကရင်ပြည်နယ် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကရင်‌ကျောင်းသားများရိပ်သာ (Kayin Student’s Center-KSC) ကို ၂၀၁၃-၂၀၁၄ပညာသင်နှစ်တွင် ဘုန်း‌တော်ကြီးသင်ပညာ‌ရေး(ဘ.က)တွဲဖက်‌ကျောင်းအဖြစ်သို့ ‌ပြောင်းလဲဖွင့် လှစ်လိုက်ပြီဖြစ်‌ကြောင်း သိရသည်။

ကရင်‌ကျောင်းသားများရိပ်သာ ကြီးကြပ်‌ရေးအဖွဲ့နှင့် ကရင်ပြည်နယ် ‌တောင်က‌လေး ဘ.ကပညာ‌ရေး‌ကျောင်းမှ ‌ကျောင်းအုပ်တို့ ပူး‌ပေါင်း၍ ကရင်‌ကျောင်းသားများရိပ်သာကို ဘုန်း‌တော်ကြီးသင်ပညာ‌ရေး တွဲဖက်အထက် တန်း‌ကျောင်းအဖြစ် ယခုစာသင်နှစ်တွင် စတင် လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပူး‌ပေါင်းလုပ်‌ဆောင်ရခြင်းနှင့် ပတ်သက်၍ ရိပ်သာမှူး ဆရာ‌စောထွန်းဦးက “ရိပ်သာ‌နေ ‌ကျောင်းသူ ‌ကျောင်းသား‌တွေ ပညာ‌ရေးပိုမိုထိ‌ရောက်လာဖို့နဲ့ တချိန်မှာ ကိုယ်ပိုင်‌ကျောင်းအဖြစ် ‌ဆောင်ရွက်သွားနိုင်ဖို့ ဘ.က‌ကျောင်းခွဲ အဖြစ် ‌ပြောင်းလဲလိုက်တာဖြစ်တယ်။”ဟု ‌ပြောသည်။

ယမန်နှစ်အထိ ရိပ်သာ‌နေ အထက်တန်း‌ကျောင်းသူ‌ကျောင်းသားများ၏ တနှစ်စာ ကုန်ကျစရိတ်မှာ နဝမတန်း နှင့် ဒဿမတန်း အနည်းငယ် ကွာခြား‌သော်လည်း ယခုနှစ်တွင်မူ ‌ကျောင်းသူ‌ကျောင်းသားအားလုံး ကျပ်ငါးသိန်း တစ်‌သောင်းကို သုံးကြိမ်ခွဲ၍ ‌ပေး‌ဆောင်ရသည်ဟု ၎င်းရိပ်သာမှူးက ဆက်လက် ‌ပြောဆိုသည်။

ကရင်‌ကျောင်းသားများရိပ်သာကို ဘ.ကပညာ‌ရေးတွဲဖက်‌ကျောင်းအဖြစ် ‌ပြောင်းလဲလိုက်‌သော်လည်း လက်ရှိ အစိုးရ၏ ပညာ‌ရေးဝန်ကြီးဌာနမှ ပြဌာန်းထားသည့် သင်ရိုးညွှန်းတမ်းများကိုသာ သင်ကြားပို့ချလျှက်ရှိသည်။ သို့‌သော် စီမံခန့်ခွဲမှုအရ ရိပ်သာကြီးကြပ်‌ရေးအဖွဲ့က အနီးကပ် စီစဉ်‌ဆောင်ရွက်ပြီး ‌တောင်က‌လေးရှိ ဘ.က‌ကျောင်းအုပ် ဦးဇင်း ဦးဥတ္တမထံ အစီရင်ခံတင်ပြရသည်။

KSC ဘ.ကတွဲဖက်‌ကျောင်းသည် ပညာ‌ရေးနှင့်ပတ်သက်‌သော လုပ်‌ဆောင်မှုများသာမက ရိုးရာယဉ်‌ကျေးမှု၊ ပွဲလမ်းသဘင်များ စသည့် အမျိုးသား စာ‌ပေနှင့် ယဉ်‌ကျေးမှု ထိန်းသိမ်း‌ရေးအတွက်ကိုပါ လုပ်‌ဆောင်လျက်ရှိသည်။

ဆယ်တန်း‌ကျောင်းသူ နန်းခိုင်သဇင်‌ထွေးက “ဒီ‌ကျောင်းမှာ လာ‌နေရတာ အဆင်‌ပြေပါတယ်။ ဒီလိုလာ‌နေရတာ က လည်း ကရင်နဲ့ပတ်သက်တဲ့ လုပ်ငန်း‌တွေ သိချင်တာလည်းပါတယ်။ ‌နောင်တချိန်မှာ ဒီ KSC ကို ပြန်အကျိုး ပြုနိုင်‌အောင် ကြိုးစားသွားမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရပ်‌ဝေး‌ကျေးလက်‌ဒေသများမှ အထက်တန်းပညာသင်ကြား‌ရေး အခက်အခဲရှိသူများ အဆင်‌ပြေ‌စေရန် ရည်ရွယ်၍ ကရင်‌ကျောင်းသားများရိပ်သာ-KSC ကို ၁၉၇၁ခုနှစ်တွင် ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီမှ စတင်တည်‌ထောင်ခဲ့ခြင်း ဖြစ်သည်။