မေလ ၂၄ ရက၊် ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း ( ကေအိုင်စီ)
လာမည့် ဇွန်လ ၂၅ ရက်နေ့မတိုင်မှီ မြန်မာ အစိုးရ ပြည်ထောင်စုအဆင့် ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးနှင့် တွေ့ ဆုံရန်ရှိသည်ဟု ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW)က ယနေ့ ပြောကြားလိုက်သည်။
“ပြည်ထောင်စုအဆင့် ကျန်းမာရေး ဒုဝန်ကြီးနဲ့ တွေ့ဖို့ရှိတယ်။ အဓိကတော့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေမှာ ကျနော်တို့ လုပ်ဆောင်နေတာတွေကို အသိအမှတ်ပြုပေးဖို့နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု KDHW မှ တာဝန်ခံ စောအယ်ကလူရွှေဦးက ကေအိုင်စီသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ် အခြေစိုက်ကျန်းမာရေးလုပ်သားများကို အသိအမှတ်ပြုပေးရေး၊ ကျန်းမာရေးအဆောက် အဦးများ တိုးချဲ့တည်ဆောက်ပေးရေး၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု လုပ်သားအရင်းအမြစ်နှင့် ဖွံ့ဖြိုးမှု စသည့် KDHW ၏ ယခင် ချမှတ်ထားသည့် ကျန်းမာရေးလမ်းစဉ်အချက် ၁ဝ ချက်အပေါ် အခြေခံ၍ အစိုးရနှင့် ဆွေးနွေးသွားမည်ဟုလည်း စောအယ်ကလူရွှေဦးက ဆက်ပြောသည်။
ယခု မေလ ၂၃ ရက်နေ့က KDHW တာဝန်ခံ စောအယ်ကလူရွှေဦး ဦးဆောင်သည့် အဖွဲ့ဝင် ၁၂ ဦးနှင့် ကရင် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာဦးဝင်းနိုင် ဦးဆောင်သည့် အဖွဲ့ဝင် ၁၂ဦးတို့သည် မြဝတီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ နောက်ထပ်တစ်ကြိမ် ပြုလုပ်ပါက KDHW အနေဖြင့် ဒေါက်တာသိန်းသိန်းဌေးနှင့် တွေ့ဆုံရန် ပြောဆိုခဲ့ကြခြင်းဖြစ်သည်။
KDHW သည် ကရင်ပြည်နယ်ရှိ အစိုးရကျန်း မာရေးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ၂၀၁၂ စက်တင် ဘာလမှ စ၍ ၂၀၁၃ ခုနှစ်၊ မေလအထိ ၆ ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးသော်လည်း ယခုထိ ထူးခြားသည့်ရလဒ်များ မရရှိခဲ့ခြင်း ဖြစ်သည်။
စောအယ်ကလူရွှေဦးက “ကျနော်တို့ တွေ့ဆုံကြတာ အခုထိ ဘာမှ ထူးခြားမှု မရှိသေးတဲ့အပေါ်မှာ ကေအဲန်ယူနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဖြစ်စဉ်ကနေတဆင့် ပြည်ထောင်စုဝန်ကြီးအဆင့်ထိ တိုက်ရိုက်လုပ် ဆောင်မယ်ဆိုရင် ပိုပြီး မြန်ဆန်လာမယ်လို့ မျှော်လင့်တယ်”ဟု ဖြည့်စွက်ပြောဆိုသည်။
KDHW သည် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လက်အောက်ခံ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၁၉၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းကာ မြန်မာပြည်တွင်းနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်သူများအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှု၊ ကယ်ဆယ်ရေးနှင့် ကျန်းမာရေးပညာပေးလုပ်ငန်းများကို တစိုက်စိုက်မတ်မတ်လုပ်ဆောင် လာခဲ့သည်မှာ ယခုအချိန်ထိ ဖြစ်သည်။