စက်တင်ဘာလ ၆ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)

ဧရာဝတီတိုင်းအတွင်း မိုးများ၍ လယ်ယာမြေများ ရေနစ်မြှုပ်မှုကြောင့် ပြန်လည်စိုက်ပျိုးရန် အတွက် စိုက်ပျိုးရေးဌာနမှ ပေးဝေမည့် မျိုးစပ် စပါးများကို စိုက်ပျိုးရန် အဆင်မပြေသဖြင့် စိုက်ပျိုးစရိတ် ငွေကြေးသာ ချပေးပါရန် ကျောင်းကုန်းမြို့နယ် လယ်သမားများက ယနေ့ တောင်းဆိုခဲ့ကြသည်။
“ကျနော်တို့ ဒီလိုတောင်းဆိုတာကလည်း အခုပေးမဲ့ မျိုးစပါးက ပုလဲသွယ် စပ်မျိုးဖြစ်သလို ဧရာဝတီတိုင်းက လယ်မြေတွေမှာစိုက်ပျိုးဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဆုံးရှုံးမှုတွေပဲ ဖြစ်လာမှာမို့ ဒီစပ်မျိုးစပါးကို မယူချင်ဘူးလို့ ငြင်းဆိုရတာပါပဲ” ဟု ကျောင်းကုန်းမြို့နယ်ရှိ လယ်သ မားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့်လ ၁၇ရက်နေ့က သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ကွင်းဆင်းလေ့လာ ကြည့်ရှုခဲ့ပြီး လယ်သမားများအား လိုအပ်သည့် စပါးမျိုးစေ့ များ ဝယ်ရန်အတွက် ငွေပေးရန် မှာကြားခဲ့သော်လည်း ယနေ့ညနေအထိ မရရှိသေးသည့်အပေါ် ကျောင်းကုန်းမြို့နယ် NLD ရုံးရှေ့တွင် တောင်းဆိုခြင်းဖြစ်ပြီး စမ်းသပ်စိုက်ကွင်းများမှ စပါးခင်း ပျက်စီးသည့်အပေါ် အခြားစိုက်ခင်းများကို ပြသလိုက်ရသည်ဟု NLD ဥက္ကဌ ဦးသိန်းဟန်က ပြောသည်။
ဦးသိန်းဟန်က “သမ္မတကြီးနဲ့ ဝန်ကြီးတွေလာတော့ စိုက်ပျိုးရေးက လူတွေက စမ်းသပ်စိုက်ကွင်းတွေကို လိုက်ပြတယ်။ ကညင်သုံးဆင့် ဆိုတဲ့ရွာမှာ စိုက်ထားတဲ့အခင်းက မီးလောင်သလိုဖြစ်လို့ ဇရပ်ကွင်းရွာက အခင်းကို ပြလိုက်ရတာ တွေ့တယ်။ အရင်နှစ်ကလည်း စိုက်ပျိုး ရေးကပေးတဲ့ မျိုးစေ့တွေက တင်းမပြည့်ဘဲ လျော့ပြီး ၁ဧကကို ၂တင်းနှုန်းပဲ ပေးခဲ့တယ်လေ”ဟု ဆိုသည်။
ကျောင်းကုန်းမြို့နယ်အပြင် ကန်ကြီးဒေါင့်၊ ကျုံပျော်၊ ပုသိမ်မြို့နယ်များရှိ လယ်သမားများမှာလည်း ပုလဲသွယ်မျိုးမှာ စိုက်ပျိုးရန် အဆင်မ ပြေကြောင်း သမ္မတကြီး ပြောကြားခဲ့သည့်အတိုင်း ငွေသာချပေးရန် တောင်းဆိုကြကြောင်း သိရသည်။
ယခု စိုက်ပျိုးရေးဌာနမှပေးမည့် မျိုးစပါးမှာ ယခင်က ဒေသခံ လယ်သမားများ စိုက်ပျိုးလာခဲ့သည့် မျိုးစပါးများမဟုတ်ဘဲ နေပြည်တော်ရှိ လယ်ယာစိုက်ပျိုးရေးစီမံချက်ဖြင့် လုပ်ဆောင်နေသော ဖိလစ်ပိုင်မျိုးများဖြစ်ပြီး သေချာပြုစုရသည့် စပါးမျိုးများဖြစ်ကြောင်း လယ်သမား များနှင့် နီးစပ်သူ ကျောင်းကုန်း အသောကကျောင်းမှ ဦးပဉ်ဇင်းတစ်ပါးက မြွက်ကြားပြောဆိုသည်။
ကျောင်းကုန်းစိုက်ပျိုးရေးရုံးမှ ဒုဦးစီးမှူး ဦးခင်မောင်မြင့်က “ကျောင်းကုန်း၊ ကန်ကြီးဒေါင့်၊ ပုသိမ်၊ ရေကြည်၊ အသုတ်၊ ကျုံပျော်တို့အတွက် ပုလဲသွယ်မျိုးကို ချက်ချင်း ချပေးဖို့ လုပ်နေပါတယ်။ ဒီမျိုးကို ချပေးရတာကလည်း လယ်မြေတွေကို အုပ်ချုပ်ရေး၊ မြေတိုင်း၊ စိုက်ပျိုးရေးနဲ့ ယုံကြည်ရတဲ့ လယ်သမား ၃ဦးနဲ့ သွားရောက်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ”ဟု ကေအိုင်စီသို့ ပြောဆိုသည်။
သို့သော် ကွင်းဆင်းစစ်ဆေးရန် ရွေးချယ်လိုက်သူ လယ်သမား ၃ဦးမှာ အုပ်ချုပ်ရေးမှုးနှင့် နီးစပ်ရာ ဆွေမျိုးများသာဖြစ်ပြီး အဆိုပါ စပ်မျိုး စပါးချပေးရန်ကို စိုက်ပျိုးရေးဌာနနှင့် စပါးကုန်သည်များက ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်လက ဧရာဝတီတိုင်း၌ ရေကြီး၍ ရေဘေးသင့်မှုဖြစ်ပွားရာတွင် လယ်သမားများ စိုက်ပျိုးထားသည့် စပါးများ ပျက်စီးဆုံးရှုံးသဖြင့် ကျောင်းကုန်း၊ ပုသိမ်၊ ပန်းတနော်၊ သာပေါင်း၊ ကျုံပျော်၊ ကန်ကြီးဒေါင့်၊ ရေကြည်၊ အသုတ် မြို့နယ် ၈ခုအတွက် မျိုးစေ့ဝယ်ယူမည့် ကျပ် ငွေသိန်း ၄ထောင် ချပေးရန် သမ္မတ ဦးသိန်းစိန်မှ လယ်သမားများအား ပြောကြားခဲ့သည်။



















