ဇွန်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်
မေလတစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ ၅၇ရုံမှ အလုပ်သမား ၃၆,၈၁ဝဦး ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က မေလ ၃ရက်နေ့တွင် ပြောဆိုခဲ့သည်။
ဆန္ဒပြသူများမှာ မိမိတို့၏ လုပ်ခ လစာတိုးတောင်းခြင်းဖြစ်ပြီး အလုပ်သမား ၂၂,၄၈၇ဦးအတွက် စက်ရုံ ၃၈ရုံမှသာ ဖြေရှင်းပေးနိုင်ခဲ့ သော်လည်း စက်ရုံ ၁၉ရုံမှ အလုပ်သမား ၁၄,၃၂၃ဦးအတွက် မဖြေရှင်းရသေးကြောင်း ရန်ကုန်မြို့ ချင်ထရီယံဟိုတယ်တွင် မေလ ၃ရက် နေ့က ပြုလုပ်သော မြန်မာ CMP (လက်ခစား) လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“အလုပ်သမားက တစ်လသုံးသောင်းတောင်းတယ်ဆိုတာ တစ်နေ့တစ်ထောင်ပဲ ရှိပါတယ်။ အလုပ်ရှင်က ၁၅,၀၀ဝပဲ ပေးတယ်။ ၅၀ဝကျပ် ဆိုတာ ပေါက်စီတစ်လုံး၊ မုန့်ဟင်းခါးတစ်ပွဲဖိုးပဲ ရှိပါတယ်။ ပထမဆုံးတော့ ထမင်းဖိုး စဉ်းစားပါ။ ထမင်းတနပ် တစ်ထောင်တောင်းတာပါ” ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူ ရှေ့နေဦးဌေးက ပြောသည်။
အလုပ်သမားနှင့် အလုပ်ရှင်ကြားတွင် အဓမ္မလုပ်အား ညှစ်ထုတ်ခိုင်းစေမှုများ ရှိနေကြောင်း အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်ဇင်လင်းကလည်း အလုပ်ရုံဆွေးနွေးပွဲ၌ ယခုလို ထည့်သွင်းဆွေးနွေးသွားခဲ့သည်။
“အလုပ်သမားတစ်ဦးကို တစ်နာရီ ၆၅ကျပ်၊ ပြား ၅၀လောက်ပဲပေးတယ်။ တနဂင်္နွေ ရုံးပိတ်ရက်မရှိဘူး။ အလုပ်တစ်ရက်ပျက်ရင် ၁၅,၀၀ဝ နဲ့ ၂၀,၀၀ဝ ဖြတ်တယ်။ ဒါဟာ အဓမ္မလုပ်အားညှစ်ထုတ်ခိုင်းစေမှုပဲ”ဟု ကိုကျော်ဇင်လင်းက ထပ်မံ ရှင်းပြခဲ့သည်။
ယခုလို အလုပ်သမားများ ဆန္ဒပြနေရခြင်းနှင့်ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက “ဆာလောင်သူတွေကို ဆူ လောင်သူတွေလို့ မသတ်မှတ်ဖို ့အရေးကြီးပါတယ်။ တစ်နေ့ ၁၄နာရီအလုပ်လုပ်နေရတဲ့အထဲက တစ်နေ့ကို မနက် ၇နာရီကနေ ည ၇နာ ရီအထိ တောင်းဆိုနေတာပါ”ဟု ပြောဆိုသွားခဲ့သည်။
ဆန္ဒပြသည့် စက်ရုံအများစုမှာ အထည်ချုပ်စက်ရုံများဖြစ်ကြပြီး အခြားရေသန့်၊ အချိုရည်၊ ဖိနပ်နှင့် သံမဏိစက်ရုံများလည်း ပါဝင်သည်။
မြန်မာနိုင်ငံတွင် ၂၀၀၁ခုနှစ်နောက်ပိုင်း အထည်ချုပ်လုပ်ငန်းမှာ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ဈေးကွက်ပျောက်ဆုံးခဲ့ သော်လည်း ၂၀၁၁ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၈၀ဝဖိုးနီးပါး တင်ပို့နိုင်ခဲ့ပြီး ၂၀၀၁ခုနှစ်နီးပါး ပြန်လည် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။