Home သတင်း ကရင်ပန်းချီဆရာတစ်ဦးရန်ကုန်တွင် တစ်ကိုယ်‌တော်ပန်းချီပြပွဲ ပြုလုပ်

ကရင်ပန်းချီဆရာတစ်ဦးရန်ကုန်တွင် တစ်ကိုယ်‌တော်ပန်းချီပြပွဲ ပြုလုပ်

4336
‌မေလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပန်းချီဆရာတစ်ဦးဖြစ်သူ ‌စောဂျက်နုံးက “၆၅ ပန်းချီပြခန်း”ဟု အမည်‌ပေးထားသည့် ၎င်း၏ ပထမဆုံး တစ်ကိုယ်‌တော်ပန်းချီပြပွဲကိုရန်ကုန်မြို့ ‌ယောမင်းကြီး လမ်း အမှတ်(၆၅) ပန်းချီပြခန်းတွင် ‌မေလ ၂၃ရက်မှ ၂၅ရက်‌နေ့အထိ ပြုလုပ်ခဲ့သည်။

ပန်းချီကား ၂၉ချပ် ပြသထားသည့် ယင်းပန်းချီပြပွဲကို နံနက် ၁ဝနာရီမှ ည‌နေ ၆နာရီအထိ ပြသထားပြီး မြန်မာ့ရိုးရာ‌ကောက်‌ကြောင်းများ ကို အ‌ခြေပြုပြီး သဘာဝကျမှုထက် အလှအပ ဒီဇိုင်းကို ဦးစား‌ပေး ‌ရေးဆွဲပုံ‌ဖော်ထားသည်ဟု ပန်းချီဆရာ ‌စောဂျက်နုံးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော့်ရဲ့ ‌ရေးဆွဲဟန်က‌တော့ အလှအပ ဒီဇိုင်းကို ဦးစား‌ပေးထားပါတယ်။ ပြီး‌တော့ စိတ်ကူးဆန်းသစ် တီထွင်မှု‌တွေကိုလည်း ပြုလုပ် ထားပါတယ်။ ကဗျာမှာ ‌ကောက်‌ကြောင်းဖွဲ့ကဗျာ ပုံစံလို‌ပေါ့ဗျာ။”ဟု ‌ပြောဆိုသည်။

ပြပွဲတွင် ချိတ်ဆွဲပြသထားသည့် ပန်းချီကားအားလုံးသည် ရုပ်ရှင်နှင့် ဗီဒီယို သရုပ်‌ဆောင် ဒါရိုက်တာ ဦးမင်းအုပ်စိုးမှ ဝယ်ယူထားပြီး ဖြစ်သည့်အတွက် ‌ရောင်းရန်မဟုတ်ဘဲ မသိရှိ၊ မခံစားဖူး‌သေးသည့် ပန်းချီပရိဿတ်များကို သိရှိခံစားနိုင်‌အောင် ရည်ရွယ်၍ ပြသထားခြင်း သာဖြစ်‌ကြောင်း သူက ‌ပြောသည်။

ယင်းပန်းချီပြပွဲကို ပန်းချီဆရာ၊ ဆရာမများနှင့် ပန်းချီကို ချစ်မြတ်နိုး‌သော လူငယ်ဧည့်ပရိဿတ်များ လာ‌ရောက် ကြည့်ရှုကြသည်ဟု သိရ သည်။

တစ်ဆက်တည်း၌ပင် ‌စောဂျက်နုံးက လာမည့် ၂၀၁၃ခုနှစ် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အာလိန်းငါးဆင့်ဘုရား၌ ကျင်းပမည့် ကရင်နှစ် သစ်ကူးပွဲ‌တော်တွင် ကရင့်ရိုးရာယဉ်‌ကျေးမှုနှင့် သက်ဆိုင်သည့် ပန်းချီကားများကို အခြားကရင်ပန်းချီဆရာများနှင့် ပူးတွဲကာ ‌ရေးဆွဲပြသ သွားမည်ဟုလည်း ဆိုသည်။

သူသည် အသက်‌မွေးဝမ်း‌ကျောင်းအတွက် သရုပ်‌ဖော် ပန်းချီ၊ ရုပ်ပြ၊ ပုံတူ စသည့်တို့ကို ‌ရေးဆွဲသည့် ပန်းချီးဆရာတစ်ဦးဖြစ်သကဲ့သို့ ကရင်နှစ်ခြင်းအသင်းချုပ်မှ ထုတ်‌ဝေ‌သော “လယ်ဆူးညား” မဂ္ဂဇင်း၌လည်း သရုပ်‌ဖော်ပန်းချီရုပ်ပုံများကို ‌ရေးဆွဲ‌ပေးလျှက်ရှိသည်ဟု သိရသည်။

လက်ရှိ ပန်းချီဆရာ ‌စောဂျက်နုံးသည် ရန်ကုန်တိုင်းအတွင်းရှိ လှည်းကူးမြို့ ပြည်‌တော်သာရပ်ကွက်တွင် ‌နေထိုင်လျှက်ရှိသည်။