Home သတင်း ဒုတိယအကြိမ် ကရင်ပန်းချီပြပွဲ ပြုလုပ်ပြီးစီးခဲ့

ဒုတိယအကြိမ် ကရင်ပန်းချီပြပွဲ ပြုလုပ်ပြီးစီးခဲ့

1919
မတ်လ ၂၂ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

ကရင်ပန်းချီပညာရှင်များ၏ ဒုတိယအကြိမ်‌မြောက် ပန်းချီပြပွဲကို ရန်ကုန်တိုင်း ‌ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းတွင် မတ်လ ၁၃ရက်‌နေ့မှ ၁၈ရက်‌နေ့အထိ ပြုလုပ်ပြီးစီးခဲ့ရာ ကရင်လူထု အပါအဝင် နိုင်ငံခြားသားများလည်း လာ‌ရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

ပန်းဆိုးတန်းလမ်း၊ အမှတ်(၆၂) ပထမထပ်ရှိ “‌လောကနတ်” အနုပညာခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် “Kayin Diary”ဟု အမည်‌ပေးထား ‌သော အဆိုပါပန်းချီပြပွဲကို ပွဲ‌တော်ရက်အတွင်း ‌နေ့စဉ် နံနက် ၉နာရီမှ ည‌နေ ၅နာရီအထိ ခင်းကျင်းပြသခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ အပါအ ဝင် အနီးတဝိုက်မှ ကရင်လူထုများ လာ‌ရောက်ကြည့်ရှုခဲ့ကြသည်။

၎င်းပန်းချီပြပွဲတွင် ကရင်ပန်းချီပညာရှင်များဖြစ်ကြ‌သော ဟန်တင်‌ဆွေ၊ ‌စောဂျနုံး၊ ‌မောင်လူရှင်း၊ (မန်း)မြင့်‌ဆွေလှိုင်၊ စ‌ကျော်ရှိန်၊ ဂျိုနသန်၊ ‌စောသန်းနိုင်၊ စမိုးဇက်၊ ‌ကေ‌ထွေး၊ ‌ဇော်နိုင်ထူး၊ ‌ဇေယျာ‌အောင်၊ ဝင်း‌ဇော်ဦး၊ ဟန်လင်း၊ ‌အောင်‌ကျော်သူ၊ စိုးမင်း‌ဇော်၊ ဖိုးစ၊ ‌စောသီအိုရို ထွန်း၊ (‌စော)တာမလာ၊ ‌စောလင်း‌အောင်၊ ‌စော Bone၊ ဖိုးဇင်၊ စင်‌ရော်‌အောင်၊ မ‌နော်၊ ရီရီခင်၊ ငြိမ်းငြိမ်းအိနှင့် ‌နော်ကဲဒိုတို့၏ ပန်းချီလက်ရာ များကို ပြသ‌ရောင်းချခဲ့ခြင်းဖြစ်သည်။

ပန်းချီဆရာ စမိုးဇက်က “ကျ‌နော်တို့ ပန်းချီဆရာ ၂၆ဦးပါတယ်။ အဓိကက‌တော့ ကရင်ပန်းချီဆရာ‌တွေကို စုစည်းတဲ့ ပုံစံမျိုးလုပ်တာပဲ။ ကျ‌နော်တို့က စီးပွား‌ရေးဆန်ဆန် မဟုတ်ဘဲ ပွဲဖြစ်ချင်တဲ့ဆန္ဒနဲ့လုပ်တာပါ။ သရုပ်‌ဖော်မှု‌တွေက သူတို့မှာ ရှိထားတဲ့ကား‌တွေကိုပဲ ပြပွဲမှာ ယူလာကြတာပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုပြပွဲတွင် ‌ရေ‌ဆေး၊ ဆီ‌ဆေးနှင့် ခဲပန်းချီကားများ ပါဝင်ပြီး တန်ဘိုး‌ငွေကျပ် ၄သိန်းမှ ၈သိန်းရှိသည့် ပန်းချီကား ၂၄ကားကို ‌ရောင်းချနိုင် ခဲ့‌ကြောင်းလည်း စမိုးဇက်က ဆက်လက် ‌ပြောဆိုသည်။

“အရင်နှစ်က ၂ကားပဲ ‌ရောင်းရတယ်‌လေ။ ဒီနှစ်က‌တော့ နိုင်ငံခြားသား‌တွေလည်း အ‌တော်ကျတယ်။ ဒါ‌ကြောင့် ဒီနှစ်ပွဲက ‌နောက်နှစ်လုပ် ဖို့အတွက် အား‌ကောင်းလာတယ်။ ‌နောက်နှစ်ဆို ဒီထက်လူပိုစုပြီး သီးသန့်ပွဲ‌လေး လုပ်သွားဖို့ စဉ်းစားထားပါတယ်”ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလကလည်း ပထမအကြိမ် ကရင်ပန်းချီပြပွဲကို ယခုနှစ်ပြုလုပ်သည့် “‌လောကနတ်”ခမ်းမ၌ပင် ကျင်းပပြု လုပ်ခဲ့ပြီး လာမဲ့နှစ်တွင်မူ ကရင်နှင့်ပတ်သက်သည့် ပန်းချီကားများကို အဓိကထား ‌ရေးဆွဲသွားမည်ဟုလည်း ကရင်ပန်းချီပညာရှင်များက စည်းရုံးလှုံ့‌ဆော်ထားကြသည်။