Home သတင်း KNU နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်၍နှစ်ဦး နှစ်ဖက်ထိခိုက်‌သေဆုံး

KNU နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်၍နှစ်ဦး နှစ်ဖက်ထိခိုက်‌သေဆုံး

2454
မတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၅)တွင် KNU နှင့် မြန်မာအစိုးရ စစ်တပ်အကြား ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွား၍ နှစ်ဖက်တပ်ဖွဲ့မှ တစ်ဦးစီ ကျဆုံးသွားခဲ့သည်။

ထို‌ဒေသရှိ မြန်မာအစိုးရ၏ တပ်မ(၆၆)လက်‌အောက်ခံတပ်ရင်းများသည် ၎င်းတို့‌ရှေ့တန်းစခန်း ‌ခေါ့‌သောခို့သို့ ရိက္ခာပို့‌ဆောင်ရာတွင် KNU သတ်မှတ်နယ်‌မြေထက် ‌ကျော်လွန်သွားလာ‌သော‌ကြောင့် ‌ခေးပူ‌ကျေးနယ်အုပ်စုအတွင်း မတ်လ ၄ရက်‌နေ့၊ မနက် ၇နာရီတွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး မတ်လ ၉ရက်‌နေ့၊ မနက် ၉း၄၅နာရီတွင် အစိုးရတပ်မှ ‌ကေအဲန်ယူကို လာ‌ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးကလယ်ဒို့က “မတ်လ ၄ရက်‌နေ့မှာ မြန်မာစစ်တပ်က တ‌ယောက်‌သေတယ်။ သူတို့ရဲ့ MA-1 ‌သေနတ်တစ်လက် ကျ‌နော်တို့ ရတယ်။ ၉ရက်‌နေ့မှာ‌တော့ ကျ‌နော်တို့ဘက်က တ‌ယောက်‌သေ၊ တ‌ယောက် ဒဏ်ရာရပြီး ကျ‌နော်တို့ သိမ်း ခဲ့တဲ့ MA-1 ‌သေနတ်တလက်ကို သူတို့ ပြန်ရသွားတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာအစိုးရတပ်နှင့် KNU လက်‌အောက်ခံတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ‌နေရာသည် ‌ခေါ့‌သောခို့ မြန်မာတပ်စခန်းနှင့် ကိုက် ၂၀ဝ အကွာတွင် တည်ရှိပြီး အစိုးရတပ်အ‌နေဖြင့် တပ်ရိက္ခာပို့‌ဆောင်ရာတွင် ကားလမ်းမကြီး၏ တဖက်တချက် ကိုက် ၂၀ဝထက် မ‌ကျော်လွန် ရန် ‌ကေအဲန်ယူမှ ထုတ်ပြန်ထားပြီးဖြစ်သည်။

မြန်မာအစိုးရသစ်သက်တမ်း တနှစ်ပြည့် မတ်လ ၁ရက်‌နေ့တွင် သမ္မတဦးသိန်းစိန်က ၎င်းတို့အစိုးရအ‌နေဖြင့် ထာဝရငြိမ်းချမ်း‌ရေးပန်းတိုင် ကို ‌လျှောက်လှမ်း‌နေသည့် ခရီးလမ်းတွင် ပရိယာယ် မရှိ‌ကြောင်း၊ တိုင်းရင်းသား‌ခေါင်း‌ဆောင်များနှင့် ထိ‌တွေ့ဆက်ဆံမှုများ ရှိလာပြီး ‌နောက် ယုံကြည်ချက်များ ပို၍ ခိုင်မာလာပြီဟု မိန့်ခွန်း‌ပြောဆိုခဲ့‌သော်လည်း အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူ လက်မှတ်ထိုးထားသည့် KNU၊ သျှမ်းပြည်တပ်မ‌တော်(‌တောင်ပိုင်း)-SSAS တို့နှင့် တိုက်ပွဲများ မကြာခဏ ပြန်လည် ဖြစ်ပွားလျှက်ရှိသည်။

အစိုးရတပ်မှ ‌ခေါ့‌သောခို့စခန်းသို့ ပို့‌ဆောင်သည့် တပ်ရိက္ခာများမှာ KNU ‌တောင်ငူခရိုင်၊ တပ်မဟာ(၂)ရှိ ၎င်းတို့၏ ဘူဆာခီးတပ်စခန်းမှ တဆင့်သယ်‌ဆောင်လာခြင်း ဖြစ်ပြီး ၎င်းတပ်ရိက္ခာများထဲတွင် လက်နက်ခဲယမ်းများပါ ပါဝင်သည်ဟု KNU ဘက်က ‌ပြောဆိုသည်။

ထို‌ဒေသတွင် တပ်မ(၆၆) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ(၁၀၈)နှင့် ‌ခြေလျင်တပ်ရင်း-ခလရ(၈၀)တို့ လှုပ်ရှား‌နေ‌သော်လည်း KNU တပ်မဟာ(၅)အ‌နေဖြင့် ၎င်းတို့နှင့် မိနစ်ပိုင်းအနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွား‌နေသည့် အစိုးရတပ်သည် မည်သည့်တပ်ရင်းဖြစ်သည်ကို အတိအကျ မသိရ‌သေး‌ပေ။

KNU နှင့် မြန်မာအစိုးရတို့ ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေး သ‌ဘောတူညီမှု လက်မှတ်ထိုးပြီး‌နောက်ပိုင်း KNU ထိန်း ချုပ်နယ်‌မြေ တပ်မဟာ(၅)တွင် စုစု‌ပေါင်း တိုက်ပွဲ ၄ကြိမ် ဖြစ်ပွားခဲ့ပြီဟု KNU တပ်မဟာ (၅)၏ လစဉ်တိုက်ပွဲမှတ်တမ်းအရ သိရသည်။

၎င်းအပြင် ‌ကေအဲန်ယူ တပ်မဟာ(၁)၊ တပ်မဟာ(၂) ‌ဒေသများတွင်လည်း အစိုးရတပ်မှ တပ်အ‌ပြောင်းအလဲ အ‌ကြောင်းပြကာ အင်အား တိုးချဲ့လာပြီး နယ်‌မြေခံတပ်များနှင့် လှုပ်ရှားလျှက်ရှိသည်။