Home သတင်း KNU ခရိုင်(၅)ခုမှ အစိုးရတပ်၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုကို FBR ထုတ်ပြန်

KNU ခရိုင်(၅)ခုမှ အစိုးရတပ်၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုကို FBR ထုတ်ပြန်

1619
မတ်လ ၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေဖြစ်သည့် ကရင်ပြည်နယ်၊ ခရိုင်(၅)ခုတွင် ၂၀၁၂ခုနှစ်အတွင်း မြန်မာ အစိုးရမှ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုလျှက်ရှိ‌ကြောင်း ပြည်တွင်းဒုက္ခသည်များအား အကူအညီ‌ပေး‌နေသည့် FBR က မတ်လ ၅ရက်‌နေ့၌ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

KNU နှင့် မြန်မာအစိုးရတို့အကြား ဇန်နဝါရီ ၁၂ရက်‌နေ့က ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေး သ‌ဘောတူညီ လက်မှတ်ထိုးပြီး ‌နောက် KNU ထိန်းချုပ်နယ်‌မြေများဖြစ်သည့် ဒူးပလာယာ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်နှင့် ဖားအံခရိုင်အတွင်း ရှိ ‌ဒေသခံများ၏ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများကို FBR က ‌ဖော်ပြထားခြင်းဖြစ်သည်။

FBR ၏ ဒါရိုက်တာ တာအုဝါးပါက “မြန်မာအစိုးရနဲ့ KNU အပစ်ရပ်‌ရေး ပဏာမ သ‌ဘောတူညီမှုကာလဖြစ်‌ပေမယ့် အထူးသ ဖြင့် ‌တောင်ငူ‌ဒေသဘက်မှာ အစိုးရစစ်တပ်ရဲ့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေက‌တော့ အရင်တုန်းကနဲ့ မခြားဘူးဆိုတာ ဒီ report (အစီရင်ခံစာ)က ပြ‌နေပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်‌ဒေသအတွင်း မြန်မာအစိုးရတပ်၏ တပ်အင်အားတိုးချဲ့ခြင်း၊ ရိက္ခာပို့ခြင်းနှင့် အတင်းအဓမ္မ လုပ်အား‌ပေးခိုင်း‌စေခြင်းများ ကို ဆက်လက် လုပ်‌ဆောင်‌နေခြင်း‌ကြောင့် ‌ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်အ‌ခြေအ‌နေတွင် ရှိ‌နေ‌သေးသည်ဟု သူက ဆက်‌ပြောသည်။

KNU နှင့် အစိုးရတို့ လက်မှတ်ထိုးပြီး‌နောက်ပိုင်း ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်‌မြေ ‌တောင်ငူခရိုင်၌ တပ်မ (၆၆) လက် ‌အောက်ခံ တပ်ရင်းများက ဘူဆာခီးတပ်စခန်း၊ ဒူးပလာယာခရိုင်၌ အစိုးရတပ် ခမရ(၃၄၆)က မဲ့ကတီတပ်စခန်းနှင့် ‌ညောင် ‌လေးပင်ခရိုင်၌ ခမရ(၅၉၉)က မိုးပြနှင့် ‌လေး‌ဒေး စသည့် ၎င်းတို့အ‌ခြေစိုက်သည့် တပ်စခန်းများသို့ ရိက္ခာပို့ရန် ‌ဒေသခံလူထု အား အဓမ္မ ခိုင်း‌စေခဲ့သည့် အချက်အလက်များကို FBR ၏ အစီရင်ခံစာတွင် အကျယ်တဝင့် ‌ဖော်ပြပါရှိသည်။

တဆက်တည်းပင် KNU ၏ ဖားအံခရိုင်အတွင်း၌လည်း ‌ဖေ‌ဖော်ဝါရီလအတွင်းတွင် ကရင်နယ်ခြား‌စောင့်တပ်-ဘီဂျီအက်ဖ်က တိုးတက်ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-ဒီ‌ကေဘီ‌အေ၏ လက်နက်များကို သိမ်းဆည်းခဲ့ပြီး‌နောက် ၎င်းတို့နှစ်ဖွဲ့အ ကြား တိုက်ပွဲများဖြစ်ပွား၍ ဒီ‌ကေဘီ‌အေ ၂ဦး၊ ဘီဂျီအက်ဖ် ၅ဦး အပါအဝင် ‌ဒေသခံ ၁ဦး‌သေဆုံးကာ ‌ဒေသခံ ၁ဦးမှာ ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း FBR က ဆိုသည်။

၎င်းအပြင် FBR ၏ အစီရင်ခံစာ၌ ပြီးခဲ့သည့် ၂၀၁၁ခုနှစ်အတွင်း ကရင်ပြည်နယ်နှင့် ကရင်ပြည်နယ်‌မြောက်ပိုင်း‌ဒေသရှိ KNU ထိန်းချုပ်နယ်‌မြေအ တွင်း ‌နေထိုင်သည့် ‌ဒေသခံ ကရင်လူထုများသည် မြန်မာအစိုးရတပ်များ၏ ဖမ်းဆီးနှိပ်စက်မှု၊ သတ်ဖြတ် မှု၊ အဓမ္မခိုင်း‌စေမှုနှင့် ‌မြေယာအသိမ်းခံရမှုများကိုလည်း ထည့်သွင်း‌ဖော်ပြထားသည်။

“ပဏာမ အပစ်အခတ်ရပ်ဆိုင်း‌ရေး ကာလဆို‌ပေမယ့် အစိုးရတပ်‌တွေ ဒီလို လူ့အခွင့်အ‌ရေး ဆက်လက် ကျူးလွန်တာကို အထက်နဲ့ ‌အောက် နားလည်မှု လွဲမှားတာပဲ‌ပြော‌ပြော၊ အမိန့်မနာခံတာလို့ပဲ‌ပြော‌ပြော ကျ‌နော်တို့က‌တော့ တကယ့်အဖြစ် အပျက်‌တွေကို တင်ပြစရာရှိတာ ဆက် တင်ပြသွားမယ်။”ဟု FBR မှ တာဝန်ရှိတဦးဖြစ်သူ ‌စောက‌ပေါ်‌စေးက ‌ပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား‌ဒေသများဖြစ်သည့် ကရင်ပြည်နယ် အပါအဝင် ကချင်နှင့် ကရင်နီ(ကယား)ပြည်နယ်များတွင် မြန်မာအစိုးရတပ်များ၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုနှင့် ပတ်သက်၍ ၂၀၁၂ခုနှစ်အတွင်း အစီရင်ခံစာ ၁၁‌စောင်ကို FBR မှ ထုတ်‌ဝေခဲ့ပြီး ဖြစ်သည်။

FBR အဖွဲ့ကို ၁၉၉၇ခုနှစ်၌ ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် စတင်တည်‌ထောင်ခဲ့ပြီး လက်ရှိ ကချင်၊ ကရင်၊ ကရင်နီ၊ ကယန်း၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်း၊ လားဟူ၊ နာဂနှင့် ပအိုဝ့် တိုင်းရင်းသားအဖွဲ့ (၁၁)ဖွဲ့ ရှိသည်။