Home သတင်း KNPP နှင့် အစိုးရ နှစ်ဘက် ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်ရန် သ‌ဘောတူ

KNPP နှင့် အစိုးရ နှစ်ဘက် ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်ရန် သ‌ဘောတူ

2095
မတ်လ ၇ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(KNPP)နှင့် အစိုးရတို့ ယ‌နေ့‌တွေ့ဆုံခဲ့ကြသည့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးပွဲ တွင် နှစ်ဘက်ဆက်ဆံ‌ရေးရုံး ဖွင့်လှစ်ရန် သ‌ဘောတူညီခဲ့ကြသည်။

KNPP အတွင်း‌ရေးမှူး(၂)ဦး‌အောင်ဆန်းမြင့်က “အစိုးရနဲ့ ကျ‌နော်တို့အဖွဲ့က အပစ်ခတ်ရပ်ဖို့နဲ့ နှစ်ဘက် အပြန်အလှန် ဆက်ဆံ‌ရေးရုံး‌တွေ ထားရှိဖို့ သ‌ဘောတူလက်မှတ် ‌ရေးထိုးလိုက်ပြီ”ဟု ‌ပြောသည်။

ကယားပြည်နယ် လွိုင်‌ကော်မြို့ ပြည်နယ်ဧည့်ရိပ်သာ ကန္တာရဝတီခန်းမတွင် KNPP အတွင်း‌ရေးမှူး(၁) ခူးဦးရယ် ဦး‌ဆောင်‌သော ငြိမ်း ချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စား လှယ်အဖွဲ့တို့သည် ယ‌နေ့ နံနက် (၉)နာရီခွဲမှ ‌နေ့လည် (၁)နာရီအထိ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ခြင်း ဖြစ်သည်။

ထို‌ဆွေး‌နွေးပွဲတွင် အပစ်အခတ်ရပ်စဲ‌ရေး၊ ဆက်ဆံ‌ရေးစခန်းများကို နှစ်ဖက် သ‌ဘောတူသည့်‌နေရာတွင် (လက်နက်မပါ) ထားရှိ‌ရေးအပြင် ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုများ ဆက်လက် လုပ်‌ဆောင်သွားရန်တို့ကို သ‌ဘောတူလက်ခံခဲ့ကြသည်ဟုလည်း KNPP အတွင်း‌ရေးမှူး(၂)က ဆက်‌ပြောသည်။

ယင်း‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် ပြည်တွင်းစစ်ဆင်‌ရေးများ အားလုံးရပ်ဆိုင်းရန်၊ ကရင်နီပြည်နယ်အတွင်း အစိုးရ တပ်စခန်းများ ထပ်မံ တိုးချဲ့ ခြင်းမလုပ်ရန်၊ စစ်‌ရေး‌လေ့ကျင့်မှုများနှင့် ‌ကျောင်း(စစ်‌ရေး‌လေ့ကျင့်‌ရေး‌ကျောင်း) တည်‌ဆောက်မှုများရပ်တန့်ရန်နှင့် တခြားတိုင်းရင်းသား ‌ဒေသများတွင် ဖြစ်‌ပေါ်‌နေသည့် စစ်‌ရေးတိုက်ခိုက်မှုများ တချိန်တည်း ရပ်ဆိုင်း‌ကြောင်း ‌ကြေညာချက်ထုတ်ပြန်ရန် စသည့်အချက်များ အပါအဝင် အချက်(၂၀)ကို KNPP က ‌တောင်းဆိုတင်ပြရာ အစိုးရဘက်က မူအားဖြင့်သာ သ‌ဘောတူပြီး အချို့အချက်ကို ဆက်လက် တင်ပြသွားမည်ဟု ‌ပြော‌ကြောင်း KNPP ဗဟို‌ကော်မတီဝင် ခူးဒယ်နီယာယ်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ တင်ထားတဲ့ အချက်(၂၀)ကို သူတို့ဒီက‌နေ့ ‌ဖြေရှင်းလို့မရဘူး‌ပေါ့။ ‌ရွေးချယ်ဖို့အတွက် ခက်တယ်‌ပေါ့‌လေ။ အဲ့ဒါ သမ္မတဆီ စာတင်သွားမယ်။ ပြီးမှ ကျ‌နော်တို့ကို အ‌ကြောင်းပြန်မယ်လို့‌ပြောတယ်”ဟု ‌ပြောသည်။

တင်ပြ‌တောင်းဆိုခဲ့သည့် အချက် (၂၀) အားလုံး သ‌ဘောတူညီမှုမရရှိသည်ကို အားမရ‌သော်လည်း နိုင်ငံခြားမှ ‌လေ့လာ‌စောင့်ကြည့်သူ များ ရှိသည့်အတွက် အားရမိ‌ကြောင်း အတွင်း‌ရေးမှူး(၂)ဦး‌အောင်ဆန်းမြင့်က ‌ပြောသည်။

သူက “ကျ‌နော်တို့ အ‌နေနဲ့က‌တော့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်ဖို့ တင်ပြပါတယ်။ ဒါ‌ပေမယ့် အားလုံးကို ဆုံးဖြတ်ချက် တိတိကျကျနဲ့ သ‌ဘော တူညီချက်‌တွေ မရ‌သေးတဲ့အတွက် တစ်မျိုးက‌တော့ အားမရဘူး‌ပေါ့။ အားရတာက‌တော့ တခြားအဖွဲ့အစည်း‌တွေမှာ မဖြစ်‌သေးတဲ့ ‌လေ့ လာသူ‌တွေနဲ့ နှစ်ဦးနှစ်ဖက် ‌ဆွေး‌နွေးရတဲ့အတွက် အားရပါတယ်”ဟု ‌ပြောသည်။

ယ‌နေ့ အပစ်ခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးပွဲတွင် KNPPအတွင်း‌ရေးမှူး (၁)ခူးဦးရယ်၊ တပ်မ‌တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး၊ ဗိုလ်မှူးကြီးဘုန်း နိုင် အပါအဝင် (၁၁)ဦးနှင့် အစိုးရဘက်က ရထားပို့‌ဆောင်‌ရေးဝန်ကြီးဦး‌အောင်မင်း အပါအဝင် အစိုးရတာဝန်ရှိသူ (၁၆)ဦး တက်‌ရောက် ခဲ့ကြသည်။

နိုင်ငံတကာ‌လေ့လာသူများအ‌နေဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မြန်မာနိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စား လှယ် Mr. Hanten Feld၊ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် Mr. Joe Fisherနှင့် အ‌မေရိကန်သံရုံး ‌ကောင်စစ်ဝန် Mr. Andrew Webster တို့ တက်‌ရောက်ခဲ့ကြသည်။

KNPP နှင့် အစိုးရတို့သည် ပြီးခဲ့သည့် ၁၉၉၅ခုနှစ်၊ မတ်လ ၂၁ရက်‌နေ့တွင် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူခဲ့ကြပြီး သုံးလအကြာ ၁၉၉၅ခုနှစ်၊ ဇွန်လ ၂၉ရက်‌နေ့တွင် ပြန်လည်ပျက်ပြားခဲ့သည်။