Home သတင်း ပအိုဝ်းတမျိုးသားလုံး စည်းလုံးကြရန် PLNO တိုက်တွန်း

ပအိုဝ်းတမျိုးသားလုံး စည်းလုံးကြရန် PLNO တိုက်တွန်း

2354
မတ်လ ၈ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ပအိုဝ်းတမျိုးသားလုံး စည်းလုံးညီညွှတ်ကြရန် မတ်လ ၇ရက်‌နေ့(မြန်မာလ တ‌ပေါင်းလပြည့်)၌ ကျ‌ရောက်သည့် ပအိုဝ်းအမျိုးသား‌နေ့တွင် ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်-PLNO က ‌ပြောကြားလိုက်သည်။

သျှမ်းပြည်နယ်၊ ဟိုမိန်းမြို့နယ်ရှိ PLNO လွတ်‌မြောက်နယ်‌မြေ‌နေရာ၌ ပြုလုပ်သည့် ပအိုဝ်းအမျိုးသား‌နေ့အခမ်းအနားတွင် PLNO က ပအိုဝ်းလူထုများကို ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

PLNO ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ခွန်မြင့်ထွန်းက “အမျိုးသား‌နေ့ဆိုတာ‌တော့ ကိုယ့်အမျိုးသားတရပ်ရဲ့ စည်းလုံးညီညွှတ်‌ရေးကို ရယူ ထားတဲ့‌နေ့ကိုး။ ဒီ‌နေ့မှာ‌တော့ အဓိက ကျ‌နော်တို့ ပြည်သူတစ်ရပ်လုံး စုစုစည်းစည်း၊ ညီညီညွှတ်ညွှတ်နဲ့ ငြိမ်းချမ်း‌ရေး တည်‌ဆောက်မှုမှာ ပါဝင်ကြဖို့၊ အမျိုးသား‌ရေးမှာ ပါဝင်ကြဖို့ ကျ‌နော်တို့အဖွဲ့ချုပ်က ပြည်သူ‌တွေကို အဓိကထား ပန်ကြားတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

အခမ်းအနားတွင် PNLO ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ဝအမျိုးသားအဖွဲ့-WNOမှ ဥက္ကဌ ဗိုလ်မှူးကြီးတာ့ပလွဲ၊ သျှမ်းပြည် ပြန်လည်ထူ ‌ထောင်‌ရေး‌ကောင်စီ/သျှမ်းပြည်တပ်မ‌တော် RCSS/SSA မှ ဗိုလ်မှူးကြီးစဝ်‌အောင်မြတ်၊ ကယန်းပြည်သစ်ပါတီ-KNLP မှ ဦးစိုင်းလုံ စသည့် မဟာမိတ်‌ခေါင်း‌ဆောင်များ အပါအဝင် ပရိဿတ် ၂၀ဝနီးပါး တက်‌ရောက်ခဲ့သည်ဟု PNLO က သူက ဆက်‌ပြောသည်။

ထို့အပြင် အခမ်းအနား တက်‌ရောက်ခဲ့သည့် မဟာမိတ်‌ခေါင်း‌ဆောင်များကလည်း လူထုများကို မိန့်ခွန်းအမှာစကားများ ‌ပြောကြားခဲ့ကြ သည်ဟု သိရသည်။

“မဟာမိတ်‌ခေါင်း‌ဆောင်‌တွေ‌ပြောတာက‌တော့ တ‌မြေတည်း‌နေ၊ တ‌ရေတည်း‌သောက်ခဲ့ကြတဲ့ ဘဝတူတိုင်းရင်းသား‌တွေပဲဖြစ်လို့ စည်းလုံး ညီညွှတ်ကြဖို့ အဓိက သူတို့ ‌ပြောဆိုသွားတဲ့ ဆိုလိုရင်းက အဲဒါပါပဲ။”ဟု ခွန်မြင့်ထွန်းက ဖြည့်စွက်‌ပြောဆိုသည်။

ပအိုဝ်းအမျိုးသား‌နေ့တွင် မြန်မာနိုင်ငံ၌ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲ‌ရေးမှတဆင့် မြန်မာအစိုးရနှင့် နိုင်ငံ‌ရေးအရ ‌တွေ့ ဆုံ‌ဆွေး‌နွေး‌ရေးနှင့် ငြိမ်းချမ်း‌ရေးအတွက် ကြိုးပမ်းလျှက်ရှိ‌ကြောင်း PNLO က ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့သည်။

PNLO သည် မြန်မာအစိုးရ ကိုယ်စားလှယ် မီးရထားဝန်ကြီး ဦး‌အောင်မင်းအဖွဲ့နှင့် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာ ၂၃ရက်‌နေ့တွင်တကြိမ်၊ ၂၀၁၂ခု နှစ် ‌ဖေ‌ဖော်ဝါရီ ၅ရက်‌နေ့တွင်တကြိမ် အလွတ်သ‌ဘောအဖြစ် ထိုင်းနိုင်ငံတွင် စုစု‌ပေါင်းနှစ်ကြိမ် ‌တွေ့ဆုံခဲ့ကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်‌ရေးရပြီး‌နောက် ၁၉၅၂ခုနှစ်တွင် ပအိုဝ်းအမျိုးသားများက ၎င်းတို့၏ အမျိုးသားဇာတိမာန်နှင့် စည်းလုံးညီညွှတ် ‌ရေးမဏ္ဍိုင်ကို အ‌ခြေခံ၍ ပအိုဝ်းဘုရင် သူရိယစန္ဒာမင်းကြီး၏ ‌မွေး‌နေ့‌တော်ကို အစွဲပြုကာ ပအိုဝ်းအမျိုးသား‌နေ့အဖြစ် စတင် သတ်မှတ်ခဲ့ ကြခြင်း ဖြစ်သည်။

ပအိုဝ်းအမျိုးသား‌နေ့ကို ဦး‌ဆောင်ကျင်းပခဲ့သည့် PLNO သည် ၂၀၀၉ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်သည့် ပအိုဝ်းအမျိုးသားညီလာခံတွင် စတင် ဖွဲ့စည်းခဲ့သည့်အဖွဲ့ ဖြစ်သည်။