ဇန်နဝါရီ ၂၅ရက်။ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကျောက်မီးသွေး လျှပ်စစ် ဓါတ်အားပေးစက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးပြီး ဒေသခံ လူထု၏ ကျန်းမာရေး၊ စိုက်ပျိုးရေးများ ထိခိုက်မှုရှိသည့် အတွက် တနိုင်ငံလုံးရှိ ကျောက်မီး သွေးစက်ရုံ များရပ်တန့်ပေးရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများမှ တောင်းဆို ချက်တစ်စောင်ကို ယမန် နေ့က ထုတ်ပြန်လိုက်သည်။
“အဓိကတော့ ဒီကျောက်မီးသွေးစက်ရုံတွေကြောင့် ဒေသခံလူထုတွေ အကျိုးမြတ်မရရှိဘဲ ကုမ္ပဏီတွေ နဲ့ အစိုးရတွေကပဲ အကျိုးမြတ်တွေ ရရှိလာခဲ့တယ်။ နောက်ပြီး ဒီကျောက်မီးသွေး စက်ရုံတွေကြောင့် လူထုများစွာ အိုးအိမ်တွေပြောင်းရွှေ့ရတာတွေရှိတယ်။ တချို့ဆိုရင် လယ်ယာတွေ ဆုံးရှုံးခဲ့တာတွေ ရှိတယ်။”ဟု တောင်းဆိုချက်ထုတ်ပြန်ခဲ့သည် ပအိုဝ့်လူငယ်အစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူ ခွန်မျိုးထို ကပြောသည်။
အဆိုပါတောင်းဆိုချက်တွင် တနိုင်ငံလုံး ကျောက်မီးသွေးစက်ရုံပေါင်း (ရ)ရုံရှိသည့် အနက် ၂ ရုံမှာ လည်ပတ်နေပြီး ထိုစက်ရုံတို့တွင် မဂါဝပ် ၁၂ဝ ထွက် တီကျစ် ကျောက်မီးသွေးစက်ရုံမှာ အကြီးဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအနီးတွင် တည်ရှိသည့် ထိုကျောက်မီး သွေးစက်ရုံကြောင့် ဖြစ်ပေါ်လာသည့် လေထုနှင့် ရေထုညစ်ညမ်းမှုသည် ပတ်ဝန်းကျင်ရှိ လူဦးရေ ၁၂,၀၀ဝ နီးပါး၏ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကို ထိခိုက်နေသည်ဟု ဆိုသည်။
၆နှစ်ကျော် သက်တမ်းရှိသည့် တီကျစ်ကျောက်မီးသွေးစက်ရုံကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိခဲ့သည့်အပေါ် ခွန်မျိုးထိုက “အဲဒီအနီးနားတဝိုက်က လူဦးရေ ၂ထောင် လောက်က အရေးပြားတွေ ယားပြီး အဖုတွေပေါက်တယ်။ ကျောက်မီးသွေးစက်ရုံက ထွက်တဲ့ ပြာရည်တွေကြောင် ့စိုက်ပျိုးရေး အနေနဲ့ဆိုရင်လဲ တိုက်ရိုက် မထိခိုက်ပေမယ့် ကျောက်မီးသွေး ကထွက်လာတဲ့ ပြာမှုန်တွေက စိုက် ထားတဲ့ ဂေါ်ဖီထုပ်၊ ပန်းမုန်လာတွေပေါ်မှာ ကျရောက်သွားမယ်။ အဲဒီကနေတဆင့် လူထုတွေပြန်စား သုံးတဲ့အခါ အများကြီး ထိခိုက်နိုင်ပါတယ်။”ဟု ပြောသည်။
ထို့အပြင် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းကုတ်ရှိ ကျောက်မီးသွေးစက်ရုံမှာ စတင်စမ်းသပ်တူး ဖော်လုပ်ကိုင်နေပြီဖြစ်ရာ ထိုနယ်မြေရှိဒေသခံများမှာ လယ်ယာများပြောင်းရွေ့နေကြရပြီး ပတ်ဝန်း ကျင်ညစ်ညမ်းမှု ဆိုးကျိုးသက်ရောက်မှုများ ရှိလာနိုင်သည့်အတွက် ရပ်တန် ့ ပေးစေလိုကြောင်း အ ထက်ပါ ပုဂိ္ဂုလ်က ဆက်ပြောသည်။
၎င်းကဲ့သို့ပင် ကလေးဝ၊ ထားဝယ်၊ ကော့သောင်း ၊ရန်ကုန်တိုင်းရှိ ထန်းတပင်နေရာများ တွင်လည်း ကျောက်မီးသွေး စက်ရုံများ ဆက်လက် တည်ဆောက်နေမှုများကို ရန်တန့်စေလိုကြာင်း ခွန်မျိုးထိုက ထပ်မံပြောဆိုလိုက်ပြီး ၎င်းအချက်ကိုလည်း တောင်းဆိုချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်သည့် မဂ္ဂါဝပ်(၄၀၀၀) ထွက် ရှိ မည့်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ရေးစီမံကိန်းအား သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်သည့်အတွက်ကြောင့် ရပ်တန်ရန် ပြည်သူတို့မှ တောင်းဆိုခဲ့၍ ယခုလ (၉)ရက်တွင် အစိုးရမှ ရပ်ဆိုင်းခဲ့သည်။
ထိုကဲ့သို့ပင် မြန်မာနိုင်ငံရှိ ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေး စက်ရုံစီမံကိန်းအားလုံး ရပ်ဆိုင်းပေးရန် ပအိုဝ့်လူငယ်အစည်းအရုံးနှင့် ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းတို့မှ ကြေငြာ ချက် တစ်စောင်ထုတ်၍ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
၁၄ နှစ်သက်တမ်းရှိပြီဖြစ်သည့် ပအိုဝ့်လူငယ်အစည်းအရုံးသည် ၂၀၀၉ခုနှစ်မှ စတင်ကာ ကျောက်မီး သွေး စက်ရုံများကြောင့် လယ်ယာပြောင်းရွေ့ခံခဲ့ရသည့် ဒေသခံပြည်သူများထံ လိုက် လံမေးမြန်းခြင်း၊ သွားရောက်လေ့လာခြင်း၊ မှတ်တမ်းများကောက်ယူကာ စာတမ်းပြုစုခြင်းများ ပြုလုပ်ခဲ့သည် ။
၎င်းအဖွဲ့သည်ပြီးခဲ့သည့်နှစ်တွင် ကျောက်မီးသွေးကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် လူထု ကျန်းမာရေး ထိခိုက်မှုဆိုင်ရာ “အဆိပ်သင့်တိမ်များ” အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ကျောက်မီးသွေးမိုင်း စောင့်ကြည့်နေသည့် ရှမ်းသဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းနှင့် ပူးပေါင်းကာ ယခုတောင်းဆိုကြေညာချက်ကို် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


















