စောဖိုးခွား
ပြည်တွင်းပြည်ပ သတင်း မီဒီယာတွေမှာ ရေးသားအသံလွှင့် နေတာတွေကော အာဆီယံအကြီးအကဲများ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အကြားမှာ ပြောနေကြတာတွေကော နိုင်ငံတော်အစိုးရ ဦးသိန်းစိန် အစိုးရဟာ အပြောင်းအလဲ စနေပြီ ပြောင်းလဲနေပြီလို့သိရပါတယ်။ နိုင်ငံတကာ အနေနဲ့လည်း ရှေ့ကိုဆက်သွားပြီး နောက်ပြန် မလှည့်စေရန်လည်း ဝိုင်းဝန်း ထိန်းကြောင်းနေကြပါတယ်။
မည်သို့ပင် ပြည်ထောင်စုအစိုးရ ပြောင်းလဲနေစေသော်ငြားလည်း ကရင်ပြည်နယ်အတွင်းမှာတော့ ယနေ့အချိန်အထိ နဝတ၊ နအဖ လက်ထက်ကအတိုင်း ဘာမှမပြောင်းလဲသေးပါဘူး။ ပြောင်းလဲဖို့လည်း ပြည်နယ်အစိုးရမှ စိတ်ကူးမရှိကြပါဘူး။ ပြည်နယ်ဝန်ကြီးချုပ်ဆိုသူကလည်း၊ အခြားပြည်နယ်/တိုင်းကဲ့သို့ မဟုတ်ဘဲ ယခင် ပယကဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်းကနေ ဦးဇော်မင်း ဆိုပြီး ဘောင်းဘီချက်ချင်းချွတ်ပြီး တိုက်ပုံနဲ့ပုဆိုး ကောက်ဝတ်လိုက်တာ ဖြစ်ပါတယ်။ ယနေ့အချိန်အထိ အုပ်ချုပ် ရေး၊ စီမံခန့်ခွဲရေး၊ လူမှုရေး အားလုံး၏ လုပ်ဆောင်ချက်အားလုံးလိုလိုမှာ နဂို အာဏာရှင် စစ်အုပ်ချုပ်ရေးအတိုင်းပါပဲ။
အောက်ခြေ ပညာတတ်၊ ပညာရှင် ဝန်ထမ်းတွေအပေါ် မောက်မာနေဆဲပါပဲ။ ကရင်ဝန်ကြီးချုပ်ဟာ စီးပွားရေးသမားတွေနဲ့ ပေါင်းပြီး ဘားအံ၊ ကော့ကရိတ်နှင့် မြဝတီ ကားလမ်းတစ်လျှောက် သစ်တောမြေတွေကို စိုက်ပျိုးမြေပြောင်း၊ စိုက်ပျိုးမြေကနေ လန(၃၉)မြေယာလုပ်ပိုင်ခွင့် ပြောင်းပြီး မြေကွက်တွေကို လပ်ယူပြီး ဖော်ထုတ်နေပါတယ်။ နေစရာအိမ်မရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို အတည်တကျ နေထိုင်ရန် စီစဉ်လုပ်ကိုင်ပေးခြင်းမရှိပါဘူး။ သူတို့ အစိုးရအဖွဲ့တွေ ရောင်းစားဖို့ မြေတွေပဲ ဖော်ထုတ်နေကြပါတယ်။ ပြည်နယ်အစိုးရမှာရှိတဲ့ ဝန်ကြီးတွေကလည်း ပညာအရည်အချင်းနဲ့ အသိပညာခေါင်းပါးတာကြောင့် ပြည်နယ်တိုးတက်ရေး၊ ပြည်သူလူထု စားဝတ်နေရေးချောင်လည်ပြီး အာမခံချက်ပေးနိုင်သော စီးပွားရေးလမ်းကြောင်းပေါ်သို့ တွန်းတင်ပေးနိုင်ခြင်းလည်း မရှိကြဘူး။ ဘာလုပ်ရမှန်းလည်း အကြံဉာဏ်မရှိသလို လုပ်ကိုင်နိုင်တဲ့ စွမ်းရည်လည်း မရှိကြပါ ဘူး။
ဝန်ကြီးဆိုပြီး ပညာတတ်၊ ပညာရှင်ဝန်ထမ်းကြီးတွေအပေါ် ဖျစ်ညှစ်၊ ညစ်ပြီး သူတို့ကို ဂါရဝပြုလာရန် လုပ်နေတဲ့ ဝန်ကြီး တွေလည်း ရှိနေကြပါတယ်။ ကြံရာမရတဲ့အချို့ဝန်ကြီးတွေကလည်း သူတို့ရွေးကောက်ပွဲမှာ မဲနိုင်ပြီး တက်လာတဲ့ နယ်မြေ တွေမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအပေါ် အုပ်ချုပ်ရေးမှူး တာဝန်ဆက်လက် တာဝန်ထမ်းဖို့အတွက် သူတို့လုပ်ပေး ရင် ဖြစ်တယ်၊ ဘာမဆိုဖြစ်တယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေထံ ဆက်ကြေးကောက်သလို လိုက်လံတောင်းစားနေကြပါ တယ်။ စည်ပင်ဝန်ကြီးဆိုတဲ့ဝန်ကြီးကလည်း အောက်ခြေဝန်ထမ်းတွေအပေါ် ဖျစ်ညှစ်နေလို့ လမ်းတွေမခင်းနိုင်ပါဘူး။ ဝန်ကြီး ညှစ်လို့ ကတ္တရာတွေလည်း လျှော့ဝယ်နေရတယ်လို့လည်း ဝန်ထမ်းအသိုင်းအဝိုင်းထံမှ အသံထွက်နေပါတယ်။ ပါတီက တပည့်တပန်းတွေနဲ့ ပူးပေါင်းပြီး Without မော်တော်ယာဉ်များ ပို့ဆောင် လုပ်စားနေကြပါတယ်။ ဝန်ကြီးတွေဟာ ရွေးကောက် ပွဲ အနိုင်မရခင်က မိမိတို့လက်ထက်မှာ ကောင်းအောင် ဘာတွေလုပ်ပစ်မယ်ဆိုပြီး ကြိမ်းဝါးခဲ့ပေမဲ့လည်း တကယ်တော့ အတတ်ပညာ၊ အသိပညာနည်းပါးတာကြောင့် တကယ်ဝန်ကြီးဖြစ်လဲသွားကော ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ နောက်ပိုင်းမှာတော့ (၅)နှစ်အတွင်း မိသားစုအတွက် တွက်ချေကိုက်မည့် အလုပ်တွေကို ဦးစားပေးလုပ်လာကြတယ်။
ပြည်နယ်အတွင်းမှာ မှီခိုနေတဲ့ ပြည်သူအများစုအနေနဲ့ ဝန်ကြီးတွေ၊ ဘာတွေ၊ နိုင်ငံရေးတွေကို စိတ်မဝင်စားကြပါဘူး။ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားဖွင့်ဖို့ပဲ စိတ်ဝင်စားကြပါတယ်။ ချစ်ကြည်ရေးတံတားအပေါ် မှီခိုလုပ်ကိုင် ကူးသန်းသွားလာ လုပ်ကိုင်စားသောက် နေကြရတာကြောင့် ဖြစ်ပါတယ်။ ချစ်ကြည်ရေးတံတားပိတ်ထားလိုက်တဲ့အတွက် စားဝတ်နေရေး ကြပ်တည်းကြသလို ပြည်နယ် တိုးတက်ရေးအတွက် ရရှိမဲ့ ကုန်စည်ဖြတ်သန်းခ၊ အကောက်အခွန်အခများလည်း နေ့စဉ်နဲ့အမျှ ဆုံးရှုံးနေရပါတယ်။ ချစ်ကြည်ရေးတံတားပိတ်ထားတဲ့အတွက် လက်တစ်ဆုပ်သာရှိတဲ့ မှောင်ခိုစီပွားရေးသမားများကတော့ နှစ်သက်ကြသလို မှောင်ခိုစီးပွါးရေးလုပ်ငန်းကို အားပေးနေတဲ့ အာဏာပိုင်တွေအတွက်ကတော့ အရမ်းကြိုက်နှစ်သက်ကြပါ တယ်။ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ ဝင်ငွေများကျဆင်းသလို ပြည်နယ်ကို အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေရဲ့ ကောက်ခံနေတဲ့ ဝင်ငွေဟာ နေ့စဉ်တိုးတက်နေပါတယ်။ သူတို့အနေနဲ့ ချစ်ကြည်ရေးတံတား မဖွင့်နိုင်ဖို့အတွက် ဆုတောင်းနေကြမှာပါ။
ပြည်နယ်အတွင်း ပြည်သူလူထုတွေထံမှ အခွန်အတုတ်များကို နှစ်စဉ်ကောက်ခံနေပေမဲ့ ပြည်နယ်အတွင်းနေထိုင်တဲ့ ပြည်သူ လူထုအတွက် လမ်းတံတား၊ ကျန်းမာရေးက အစ ဘာမှပြန်လုပ်ပေးနိုင်ခြင်းမရှိပါဘူး။ လမ်းတွေဆိုလည်း အလွန်ပျက်စီးနေပါ တယ်။ အာဏာပိုင်ရဲ့ ကျောထောက်နောက်ခံဖြစ်တဲ့ ဘားအံ-မြဝတီလမ်းကြောမှာ ကောက်ခံနေတဲ့ အေကေကုမ္ပဏီဆိုရင် နေ့စဉ် ဖြတ်သန်းသွားလာနေတဲ့ မော်တော်ယာဉ် အစီး(၈၀၀)ခန့်ကို (၂)နှစ်ကြာနေပြီ ကောက်ခံနေသော်လည်း လမ်းကောင်း အောင် ပြုပြင်ခြင်းမရှိပါဘူး။ စည်းမျဉ်းစည်းကမ်းအရ လမ်းပြုပြင်ပြီး(၃)နှစ်ကြာမှ လမ်းကြေးကောက်ခံရမည်ဟု ကြော်ငြာ ဆိုင်းဘုတ်များ ကပ်ထားသော်ငြားလည်း ဘာအတွက်ကောက်ခံသလဲလို့ လွှတ်တော်မှာ မေးမြန်းတဲ့အခါ တံတားကြေး ကောက်ခံတယ်လို့ ပြည်ထောင်စုဝန်ကြီးက ဖြေသွားပါတယ်။ တကယ်တော့ သူတို့ကောက်ခံနေတဲ့ တံတားဟာ ထိုင်းနိုင်ငံ က ချစ်ကြည်ရေးတည်ဆောက်ခဲ့တဲ့ တံတားဖြစ်ပါတယ်။ အေကေကုမ္ပဏီဟာ လမ်းတံတားတည်ဆောက်ပြုပြင်ရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံမှ တရားမဝင် မော်တော်ယာဉ်များ၊ စက်ယန္တယားများကို တင်သွင်းပြီး မြန်မာနိုင်ငံ အတွင်းပိုင်း မှာရှိတဲ့ တည်ဆောက်ရေးလုပ်နေတဲ့ ကုမ္ပဏီကို ရောင်းစားနေပါတယ်။ ဒါကို အာဏာပိုင်တွေ အားလုံးသိပါတယ်။ တာဝန်ရှိတဲ့ ဌာနအဖွဲ့အစည်းတွေကိုလည်း ခရီးသွားပြည်သူတွေထံမှ ကောက်ခံတဲ့ငွေနေတဲ့ လမ်းမခင်းပဲ ပံ့ပိုးနေတာကြောင့် ဥပဒေအရ အမှန်တရားဆိုတာ ကွယ်ပျောက်နေပါတယ်။
ယနေ့မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ပါတယ်။ ၂၀၁၄-ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဌ တာဝန်ယူရမှာ ဖြစ်ပြီး ကရင်ပြည်နယ်မှာလည်း အဆင့်မြင့် ပညာတတ် ဝန်ကြီးများ မရှိတဲ့အတွက် ပြည်သူတွေအတွက် လွန်စွာ စိတ်မ ကောင်း ဖြစ်မိပါတယ်။ စစ်အစိုးရလက်ထက်အတိုင်း မြင်တွေ့နေရတာကြောင့် ဘာမှ မပြောင်းလဲဘူးဆိုတာကို ကရင်ပြည်နယ် က ပြည်သူတွေနဲ့ တိုင်းပြည်ကို တိုးတက်အောင် လုပ်ဆောင်ပေးချင်ပါတယ်။ ဒါကြောင့် ကရင်ပြည်နယ် တိုးတက်စေဖို့ ပြည်နယ်အစိုးရအတွင်းမှာ အဂတိတရားကင်းဝေးပြီး ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ အဆင့်မြင့်ပညာတတ်ဝန်ကြီးများ ဖြစ်ပေါ်လာဖို့လိုတယ်ဆိုတာကို တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့သူတွေကို သိရှိအောင် တင်ပြရခြင်းဖြစ်ပါတယ်။
စောဖိုးခွား


















