Home သတင်း မယ်‌တော်‌ဆေးခန်းတွင် မျက်စိလူနာ ၁၀၀‌ကျော် ခွဲစိတ်ပြီးစီး

မယ်‌တော်‌ဆေးခန်းတွင် မျက်စိလူနာ ၁၀၀‌ကျော် ခွဲစိတ်ပြီးစီး

3162
နိုဝင်ဘာလ ၂၃ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း တွင်နိုဝင်ဘာ ၉ရက်မှ ဒီဇင်ဘာ ၂ဝရက်‌နေ့အထိ မျက်စိ‌ရောဂါ ‌ဝေဒနာရှင်များ အား ခွဲစိတ်ကုသ‌ပေးလျှက်ရှိရာ ယ‌နေ့အထိ လူနာ ၁၀၀‌ကျော် ခွဲစိတ်ပြီးစီးသွားပြီ ဖြစ်သည်ဟု မျက်စိဌာနမှ ‌ဆေးမှူးများက ‌ပြောသည်။

မယ်‌တော်‌ဆေးခန်းတွင် မျက်စိကုသရန် လူနာဦး‌ရေ ၂၀၀‌ကျော် ‌ရောက်ရှိလာသည့်အနက် ယ‌နေ့အထိ လူနာ‌ပေါင်း ၁၆၄ဦးကို ခွဲစိတ်ပြီးစီးသွားခြင်းဖြစ်သည်။

ယင်းသို့ မျက်စိခွဲစိတ် ကုသ‌ပေးရာတွင် အဓိကအားဖြင့် မျက်စိ‌ရေတိမ်စွဲခြင်း၊ မျက်သားပြတ်ခြင်း၊ ထိခိုက်မှု၊ ဒဏ်ရာဖြစ်မှုတို့ ‌ကြောင့် မျက်လုံးပျက်စီးသွားသူ ‌ဝေဒနာရှင်များကို ခွဲစိတ်‌ပေးခြင်းဖြစ်သည်ဟု မယ်‌တော်‌ဆေးခန်း၏ မျက်စိဌာနတာဝန်ခံ ‌နော် တာမလာဝါးက ယခုလို ‌ပြောသည်။

“မျက်စိခွဲစိတ်ဖို့ လိုတဲ့သူ‌တွေကို ခွဲစိတ်‌ပေးလိုက်တယ်။ တချို့ကျ‌တော့ ‌ရောဂါပိုး မျက်လုံးထဲဝင်လို့ မျက်စိကို ထုတ်လိုက်ပြီး ‌နောက်တစ်လ‌ကျော် နှစ်လ‌လောက်ကြာ‌တော့ ကျမတို့‌ဆေးခန်းက မျက်လုံးအတု ပြန်ထည့်‌ပေးလိုက်တယ်။”ဟု ဆရာမ‌နော် တာမလာဝါးက ‌ပြောသည်။

မျက်လုံးခွဲစိတ် ပြီးစီးသွားသည့် လူနာများအတွက် လိုအပ်သည့် ‌ဆေးဝါးများကို ထည့်‌ပေးပြီး မျက်မှန်များကိုလည်း နှစ်စဉ် ပုံမှန် ပြုလုပ်တပ်ဆင်‌ပေးသွားသည်ဟု သိရသည်။

၎င်းခွဲစိတ်မှု ကုန်ကျစရိတ်ကို ကန့်သတ်ထားခြင်း မရှိဘဲ ‌ငွေ‌ကြေးတတ်နိုင်သည့် လူနာရှင်များက ‌စေတနာအ‌လျောက် အလှူ ‌ငွေထည့်ဝင်နိုင်ပြီး မတတ်နိုင်ပါက ‌ငွေ‌ပေး‌ဆောင်ရန် မလို‌ကြောင်း ‌နော်တာမလာဝါးက ဆိုသည်။

ယခုတကြိမ်တွင် မယ်‌တော်‌ဆေးခန်းသို့ မျက်စိလာ‌ရောက်ခွဲစိတ်သည့် လူနာများမှာ ဘားအံ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ‌မော်လ မြိုင်၊ မုံရွာနှင့် ရခိုင်ပြည်နယ်များမှ လာ‌ရောက်ကြပြီး အကုန်အကျ သက်သာသည့်အပြင် ခွဲစိတ်ကုသမှု ‌ကောင်းမွန်သည့်အ‌ပေါ် လာ‌ရောက်ကြခြင်းဖြစ်သည်ဟု မျက်စိ‌ဝေဒနာရှင်များက ‌ပြောဆို‌နေကြသည်။

မျက်စိခွဲစိတ်ပြီးသည့် လှိုင်းဘွဲမြို့မှ ဦးလှတင်က “ဒီမှာက ခွဲစိတ်တာလည်း ‌ကောင်းတယ်။ အဂင်္လိပ်ဆရာဝန်‌တွေကလည်း စိတ်ရှည်ရှည်နဲ့ ခွဲစိတ်‌ပေးတယ်။ အခုခွဲစိတ်ပြီးသွား‌တော့ မျက်လုံးက‌တော်‌တော်‌ကောင်းလာတယ်။ မြန်မာပြည်မှာက အကုန် အကျ အရမ်းများတဲ့အပြင် ဆရာဝန်‌တွေကလည်း စိတ်မရှည်ကြဘူး။ ‌ဆေးရုံက ဆရာ၊ ဆရာမ‌တွေကလည်း ဟို‌ငေါက်ဒီ‌ငေါက် နဲ့ မ‌ချေမငံ ဆက်ဆံတယ်။ ခွဲစိတ်တာလည်း သိပ်စိတ်မချရဘူး။ အဲဒါ‌ကြောင့် ပြည်တွင်းမှာ မခွဲစိတ်ရဲတာ။”ဟု ‌ပြောဆိုသည်။

ခွဲစိတ်ပြီးစီးသွားသည့် လူနာများအနက် ‌ဝေဒနာကြာမြင့်‌နေသည့် လူနာအနည်းငယ်မှလွဲ၍ ကျန်အများစုမှာ မျက်စိပြန်လည် ‌ကောင်းမွန်သွားကြပြီးဖြစ်‌ကြောင်း မယ်‌တော်‌ဆေးခန်း မျက်စိဌာနမှ ‌ဆေးမှူးတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

မယ်‌တော်‌ဆေးခန်းတွင် မျက်လုံးခွဲစိတ်မှုကို ၁၉၉ဝခုနှစ်တွင် စတင်ခဲ့ပြီး စ‌ကော့တလန် နိုင်ငံအ‌ခြေစိုက် (Karen Aid)အဖွဲ့မှ ‌ဒေါက်တာ Frank က မျက်စိ‌ရောဂါလူနာများအား လာ‌ရောက်ခွဲစိတ် ကုသ‌ပေး‌နေခဲ့ခြင်းဖြစ်သည်။

၎င်းအဖွဲ့သည် ယခင်နှစ်များက ၁နှစ်လျှင် နှစ်ကြိမ်သာ လာ‌ရောက် ခွဲစိတ်‌ပေးခဲ့‌သော်လည်း ယခုနှစ်တွင် မျက်စိ‌ဝေဒနာရှင်များ အား လာ‌ရောက် ခွဲစိတ်‌ပေး‌နေသည်မှာ ‌လေးငါးကြိမ်ရှိပြီဖြစ်သည်ဟု မယ်‌တော်‌ဆေးခန်းမှ ‌ဆေးဝန်ထမ်းများ၏ ‌ပြောပြချက်အ ရ သိရသည်။