နိုဝင်ဘာလ ၂၃ရက်။ (ကေအိုင်စီ)
ရာဘာကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလုပ်ကိုင်နေကြသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသများတွင် ယခုရက်ပိုင်းအတွင်း ရာဘာဈေးများ ကျဆင်းနေသည်ဟု ရောင်းဝယ်များက ပြောဆိုနေကြသည်။ “အခုရက်ပိုင်း ရာဘာဈေး ပြန်ကျသွားတယ်။ ကျနော်တို့ကတော့ ဝယ်တုန်းပဲ။ ရောင်းတဲ့လူတွေကပဲ ဈေးမကောင်းလို့ သူတို့ မရောင်းချင်ကြတာ။ လှောင်ထားကြတာပေါ့။ ဈေးက မငြိမ်ဘူးဖြစ်နေတယ်။ ဒီထက်ကျရင်လည်း ကျအုံးမယ်။”ဟု မုဒုံမြို့ပေါ်ရှိ ရာဘာရောင်းဝယ်နေသူတစ်ဦးက ပြောသည်။
ရာဘာကို အပါးနှင့် အထူဟူ၍ နှစ်မျိုးနှစ်စား ထုတ်လုပ်ရာ ယခင်က ရာဘာအရည်အသွေး အကောင်းဆုံးဟု သတ်မှတ်သည့် အပါး တစ်ပေါင်လျှင် ၁,၃၀ဝကျပ် ဈေးအနည်းဆုံး ရှိနေရာမှ ယခုဆိုလျှင် တစ်ပေါင် ၁,၀၀ဝကျပ်အထိ ကျဆင်းသွားသည်။
ထို့အပြင် ရာဘာအထူဈေးနှုန်းမှာလည်း ယခင် တစ်ပေါင် ၁,၀၀ဝကျပ်ဈေးမှ ၇၀ဝကျပ်ကို ကျဆင်းသွားခြင်း ဖြစ်သည်။
ရာဘာဈေးကျရခြင်း၏ အဓိကအကြောင်းရင်းကို မသိရှိရသော်လည်း တနေရာနှင့် တနေရာ ရာဘာအရောင်းအဝယ် ပြုလုပ်သူများ အပေါ် မူတည်ပြီး ဈေးနှုန်းကွာဟမှုရှိနေသည့်အတွက် အတိအကျ ပြောဆိုရန် ခက်ခဲကြောင်း အဆိုပါ ရာဘာကုန်သည်က ပြော သည်။
အလားတူ ရာဘာစိုက်ပျိုးမှုများသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင်လည်း ရာဘာဈေး ကျဆင်းသွားကြောင်း ၎င်းမြို့နယ်အတွင်း ရာဘာအရောင်းအဝယ် လုပ်နေသူ အမျိုးသမီးတဦးက ပြောသည်။
သူမက “ဒီဘက်မှာ အထူပဲ လုပ်ကြတာများတယ်။ ကျမတို့က ဒီကထွက်တဲ့ရာဘာကို လိုက်ဝယ်ပြီးတော့ မုဒုံအဝယ်ဒိုင်တွေမှာ သွားသွင်းတယ်၊ အခုတလောက ဈေးကမငြိမ်ဘူးဖြစ်နေတယ်၊ ဈေးကျတော့ ခြံရှင်တွေက မရောင်းချင်ကြဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို ရာဘာဈေးမကောင်းသည့်အချိန်တွင် ရာဘာခြံပိုင်ရှင်အများစုက မိမိတို့၏ ရာဘာကို ရောင်းထုတ်ခြင်းမပြုကြဘဲ ဈေး ကောင်းပြန်ရသည့်အချိန်ထိ သိုလှောင်ထားကြလေ့ရှိသည်။
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ရာဘာခြံပိုင်ရှင် ဦးကျော်က “ရာဘာဈေးမကောင်းတော့ ကျနော်တို့ မရောင်းဘူး။ ထားထားအုံးမယ်။ ဈေး ပြန်ကောင်းလာတော့မှ ရောင်းမယ်၊ ဝယ်တဲ့လူတွေကတော့ လိုက်ဝယ်နေကြတာပဲလေ။”ဟု ဆိုသည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်များမှ ထွက်ရှိသည့် ရာဘာများကို သက်ဆိုင်ရာ ဒေသရှိ ရာဘာအဝယ်ဒိုင်များမှတဆင့် ရန်ကုန်နှင့် မန္တလေးမြို့ရှိ အဝယ်ဒိုင်ကြီးများထံသို့ တင်ပို့ရောင်းချကြသည်။
မွန်ပြည်နယ်သည် တနိုင်ငံလုံးရှိ ရာဘာစိုက်ပျိုးမြေ ဧက၏ ၃၇ ဒဿမ ၆ရာခိုင်နှုန်းဖြင့် ရာဘာအများဆုံးစိုက်ပျိုးသည့် ပြည်နယ်ဖြစ် သည်။ ၁၉၈၈ခုနှစ်မှစ၍ ၂၂နှစ်တာကာလအတွင်း ထိုဒေသတွင် ရာဘာစိုက်ပျိုးမြေဧက ၅ဆကျော် တိုးလာကြောင်း မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
မြန်မာပြည်မှ ထွက်ရှိသည့် ရာဘာကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး စင်ကာပူနှင့် ဂျပန်နိုင်ငံသို့လည်း တင်ပို့နေသည်။ သို့ သော် ယခုနှစ်တွင် ပြည်ပသို့ ရာဘာတင်ပို့မှုနှုန်းမှာလည်း ကျဆင်းလျှက်ရှိကြောင်း ကုန်သည်များ၏ ပြောပြချက်များအရ သိရ သည်။