နိုဝင်ဘာလ ၂၅ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အစိုးရတပ် ခလရ(၃၉)သည် မြို့တွင်းမရောက်မှီ ၄မိုင်၊ ဘုရားခြေရင်းဂိတ်တွင် ဖာလာများ မြို့တက် ရောင်းဝယ်သည့် ဒေသခံများထံမှ ဖာလာခွန်များကို ယခင်နှစ်ကထက် ပိုမို ကောက်ခံလျက်ရှိသည်ဟု ဖာလာစိုက်ပျိုးသူများက ပြောသည်။
ယင်းသို့ ဖာလာများကို တောင်ငူမြို့သို့ သွားရောက်ရောင်းချရာတွင် အခွန်များ နှစ်စဉ်ပေးနေခဲ့ရာ ယခင်နှစ်များက ဖာလာ တစ် ပိဿာလျှင် ကျပ် ၁၀ဝမှ ၂၀ဝအထိသာ ကောက်ခံပြီး တနိုင်တပိုင် သယ်သူများကို မကောက်ခံသော်လည်း ယခုနှစ်တွင်မူ ကျပ် ၃၀ဝမှ ၄၀ဝအထိ ကောက်ခံသည့်အပြင် အနည်းငယ် သယ်လာသူများကိုပါ ကောက်ခံနေခြင်း ဖြစ်သည်။
ယခုလ ၁၈ရက်နေ့က ဖာလာ ၄ပိဿာနီးပါး စက်ဘီးဖြင့် တင်လာသည်ကို စစ်တပ်မှ အခွန် အတင်းအကြပ် ကောက်ခံရာ မပေးနိုင်သည့်အတွက် သယ်ယူလာသမျှ ဖာလာများ သိမ်းဆည်းခံလိုက်ရသည်ဟု အသိမ်းခံရသူ တောင်ငူမြို့၊ အထက(၄) ကျောင်းအနီး နေထိုင်သူပြည်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
တောင်ငူမြို့နယ် သံတောင်မြို့တစ်ဝိုက်ရှိ ဒေသခံများမှာ ဖာလာစိုက်ပျိုးခြင်းဖြင့် အဓိက အသက်မွေးနေကြရပြီး ဤသို့ အခွန် ကောက်ခံမှုများကြောင့် ဖာလာစိုက်ပျိုးသူ ဒေသခံများမှာ မြို့ပေါ်ကုန်သည်များထံသို့ တိုက်ရိုက်မရောင်းရဘဲ လာရောက်ဝယ် ယူသော ပွဲစားများထံ၌သာ နှိမ်ဈေးပေးကာ ရောင်းချနေရသည်။
ပွဲစားများမှာ ဖာလာစေ့တစ်ပိဿာလျှင် ကျပ် ၁၀,၀၀ဝအထိပေါက်ဈေးရှိ၍ အခွံပါ ဖာလာကို တစ်ပိဿာလျှင် ၆,၀၀ဝကျပ်သာ ဈေးပေးဝယ်ယူနေသော်လည်း တောင်ငူမြို့သို့ သွားရောက်ရောင်းချပါက ဖာလာစေ့ တစ်ပိဿာကို ၁၂,၀၀ဝကျပ်ခန့် ဈေးနှုန်း ရှိကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ ဈေးနှုန်းကြီးမြင့်ရခြင်းမှာ ပွဲစားများအနေဖြင့် တနှစ်စာအခွန်ကို စစ်တပ်သို့ ပေးဆောင်ထားရခြင်းကြောင့် ဖြစ်ပြီး အချို့ တပ်ဖက်အရာရှိများ၏ မိသားစုများတွင်လည်း ဖာလာပွဲစားလုပ်ကိုင်နေသူများရှိကြောင်း စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
“၄မိုင်မှာ ကုန်သည်တွေက အိမ်တွေငှားပြီး ဂိုဒေါင်လာဆောက်ကြတယ်။ ရောင်းချင်တဲ့သူတွေက ၄မိုင်အထိပဲ လာရောင်းရ တယ်။ တခါတလေ ၄မိုင်မရောက်ခင် သံတောင်(၁၃မိုင်)မှာပဲ ရဲက အခွန်ကောက်သေးတယ်။ ပွဲစားတွေကတော့ မြို့ထဲကို ကုန်ကားတွေနဲ့ သယ်ကြတယ်။ သူတို့နဲ့ တပ်ကလူတွေက ချိတ်ဆက်ထားပြီးသား။ တပ်ထဲက အရာရှိကတော်တချို့ကလည်း ဖာလာအရောင်းအဝယ်လုပ်ကြတယ်။ သူတို့က ဈေးပိုပေးတော့ ဒေသခံ အရောင်းအဝယ်သမားတွေက ဘာမှမလုပ်နိုင်ဘူး။” ဟု အဆိုပါနီးစပ်သူက ပြောသည်။
ထိုသို့ အခွန်ကောက်ခံခြင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ဥပဒေရေးရာ သုံးသပ်ရေးအဖွဲ့တာဝန်ခံ ဦးမျိုးက “ဖာလာ ရောင်းဝယ်တာ လူတိုင်းလုပ်နေကြတာပဲ။ ဒေသခံတွေ ကိုယ်စိုက်ထားတာကို ရောင်းဝယ်ကြတာ တရားဝင်ပါတယ်။ စစ်တပ် က အခွန်ကောက်ရတဲ့တာဝန် မရှိပါဘူး။ ဒါဟာ စစ်တပ်လုပ်ရမယ့် အလုပ်လည်း မဟုတ်ပါဘူး။”ဟု ပြောသည်။
တောင်ငူဒေသ၌ စက်တင်ဘာလသည် ဖာလာခူးချိန်ဖြစ်၍ နိုဝင်ဘာလမှာ အရောင်းအဝယ် အများဆုံးအချိန်ဖြစ်ပြီး တရုတ်နိုင် ငံသို့ တင်ပို့သည့် ဖာလာများကို ဆေးဖော်စပ်ရာတွင် အသုံးပြုခြင်းဖြစ်သည်ဟု သိရသည်။
၁၉၉ဝခုနှစ်ကတည်းက ဖာလာသည် သစ်တောဥပဒေနှင့် ငြိစွန်းသည်ဟု အကြောင်းပြကာ အခွန်ကောက်ခံခဲ့သော်လည်း မည် သည့်ဥပဒေပုဒ်မအရဟု ကောက်ခံသည်ဟု အသိပေးခြင်းမရှိကြောင်း ဒေသခံ ဖာလာစိုက်ပျိုးသူများက ပြောဆိုနေကြသည်။


















