Home သတင်း အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု အဆုံးသတ်ရန် ပြည်တွင်းကရင် အမျိုးသမီးအဖွဲ့‌ဟော‌ပြော

အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု အဆုံးသတ်ရန် ပြည်တွင်းကရင် အမျိုးသမီးအဖွဲ့‌ဟော‌ပြော

1880
နိုဝင်ဘာလ ၂၆ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

နိုင်ငံတကာအမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ဆန့်ကျင်‌ရေး‌နေ့ အထိမ်းအမှတ် ‌ဆွေး‌နွေး‌ဟော‌ပြောပွဲကို Karen Women’s Action Group- KWAG မှ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အ‌ရှေ့ကြို့ကုန်း၌ ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ‌ဟော‌ပြောပွဲကို KWAG အဖွဲ့၏ ရုံးခန်းတွင် မွန်းလွဲ ၁နာရီအချိန်၌ ကျင်းပခဲ့ကြပြီး “အိမ်တွင်းငြိမ်းချမ်း‌ရေးမှသည် ကမ္ဘာ့ ငြိမ်းချမ်း‌ရေးဆီသို့၊ အာဏာရှင်ဆန်‌သောစနစ်ကို ဆန့်ကျင်ကြစို့၊ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်ဆက်ဆံမှုများ အဆုံး သတ်ကြစို့” ဟူ‌သော ‌ဆောင်ပုဒ်‌ခေါင်းစဉ်ဖြင့် ‌ဟော‌ပြော‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်ဟု ‌ဟော‌ပြောပွဲဖြစ်‌မြောက်‌ရေး တာဝန်ခံ အမျိုးသမီးတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

သူမက “အထူးသဖြင့် စစ်ပွဲ‌တွေထဲက အမျိုးသမီး‌တွေ၊ အိမ်တွင်းအကြမ်းဖက်ခံ‌နေရတဲ့သူ‌တွေ၊ အနှိမ်ခံ‌နေရသူ‌တွေကို အုပ်စုခွဲ ပြီး သူတို့ရဲ့အသံကို ဦးတည်‌ဆွေး‌နွေးတာ ဖြစ်ပါတယ်။ ပြီး‌တော့ မြန်မာပြည်ထဲကလူ‌တွေ အမျိုးသမီး‌တွေနဲ့ ပတ်သက်ပြီး ဘာ ‌တွေလုပ်‌ဆောင်‌နေကြလဲ။ ဘာ‌တွေ လုပ်‌ဆောင်မလဲဆိုတာ‌တွေလည်း ပါတယ်။”ဟု ‌ပြောသည်။

ထိုပွဲတွင် အခမ်းအနားမှူးအဖြစ် လူငယ်အမျိုးသမီးအဖွဲ့မှ ‌ဆောင်ရွက်ခဲ့ပြီး အမျိုးသမီးများနှင့် က‌လေး သူငယ်များ ကာကွယ်‌စောင့်‌ရှောက်‌ရေးလုပ်ငန်းများ ‌ဆောင်ရွက်‌နေသည့် အမျိုးသမီးအဖွဲ့ကွန်ယက် (Women Organization Network-WON) အဖွဲ့ဝင် ချင်းအမျိုးသမီးက ၎င်းတို့အဖွဲ့လှုပ်ရှားမှုအ‌ကြောင်းကို ရှင်းလင်းတင်ပြသွားသည်။

‌ဟော‌ပြောပွဲ တက်‌ရောက်ခဲ့သူ Action Aid မှ ရခိုင်အမျိုးသမီး တစ်ဦးက နိုဝင်ဘာလ ၂၅ရက်မှ ဒီဇင်ဘာ ၁ဝရက်‌နေ့အထိ အမျိုးသမီးများအား အကြမ်းဖက်မှု ဆန့်ကျင်‌ရေးဆိုင်ရာ လှုံ့‌ဆော်‌ဟော‌ပြောပွဲများကို မြန်မာပြည်သာမက ကမ္ဘာ့နိုင်ငံအသီးသီး တွင် ၁၆ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ တတ်အားသ‌ရွေ့ ‌ဆောင်ရွက်ကြရန် ‌ပြောဆိုခဲ့သည်။

အစီအစဉ်အရ ‌ဟော‌ပြောပွဲ တက်‌ရောက်လာသူများက အုပ်စုလိုက် ‌ဆွေး‌နွေးမှုများပြုလုပ်ပြီး အပြန်အလှန် ‌မေးခွန်းများ ပြုလုပ် ခဲ့ကြပြီး အမျိုးသမီးများအား အကြမ်းဖက်မှုနည်းမျိုးစုံတို့ကို power point ဖြင့် ရှင်းလင်းတင်ပြသွားသည်။

အသက် ၂ဝအရွယ် အမျိုးသမီးငယ်တစ်ဦးက “ကျမတို့ အုပ်စုခွဲပြီး ‌ဆွေး‌နွေးတာ အားရတယ်။ ကိုယ်ဘာ‌တွေလိုလဲ။ ဘာ‌တွေ လုပ်နိုင်လဲဆိုတာ မြင်လာတယ်။ အမျိုးသမီး‌တွေနဲ့ ပတ်သက်ပြီး အခွင့်အ‌ရေး‌တွေ ရှိသလို ‌ပြောချင်တာကို ရဲရဲဝံ့ဝံ့ ‌ပြောနိုင်ပြီ ဆိုတာ သိလာရတယ်။ ဒီပွဲတက်ပြီး အားအရမ်းရှိလာတယ်။ မှီခိုရာတစ်ခုခု ရှိလာတယ်လို့လည်း မြင်လာတယ်။”ဟု ‌ပြောသည်။

ထို့အပြင် စစ်မက်‌ဒေသများ၌ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးများ၏ အ‌တွေ့အကြုံနှင့် ဖွင့်ဟ‌ပြောဆိုမှုများကို video ပြသခဲ့ ပြီး လူငယ်အဖွဲ့များက “ဖဲကြိုးဖြူနှင့် ကတိပြု” သီချင်းဖြင့် တက်‌ရောက်လာသူများအား သီဆို‌ဖျော်‌ဖြေသွားခဲ့ကြသည်။

၎င်း‌နောက် ယုံကြည်ချက်‌ကြောင့် အကျဉ်းကျခံ‌နေရသူများအတွက် ၃မိနစ်ခန့် တိတ်ဆိတ်စွာ ဆု‌တောင်းခြင်းဖြင့် အခမ်းအနား ကို ည‌နေ ၃နာရီတွင် ရုပ်သိမ်းလိုက်သည်။

ရန်ကုန်မြို့တွင် ယခုတကြိမ် ကျင်းပပြုလုပ်သည့် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ဆန့်ကျင်‌ရေးဆိုင်ရာ ‌ဟော‌ပြောပွဲမှာ ဒုတိယအကြိမ်‌မြောက်ဖြစ်ပြီး တက်‌ရောက်သူ ၅ဝဦးရှိကာ အာဏာပိုင်များဘက်မှ ‌စောင့်ကြည့်ခြင်းများ မရှိဟုလည်း သိရ သည်။

Karen Women Action Group-KWAG အဖွဲ့ကို ၂၀၀၃ခုနှစ်တွင် စတင် တည်‌ထောင်ခဲ့ပြီး လူကုန်ကူးမှု တားဆီး‌ရေးလုပ်ငန်း များကို အဓိကထား လုပ်‌ဆောင်‌နေခဲ့သည့် ပြည်တွင်းကရင်အမျိုးသမီးအဖွဲ့တဖွဲ့ ဖြစ်သည်။