လူငယ့်အမြင်
ကျွန်တော်က ကိုယ့်ယုံကြည်ချက်ကို လိုအပ်ရင် အသက်နဲ့လဲပြီး ကာကွယ်သွားတဲ့လူတွေကို သိပ်သဘောကျတယ်။ ကျွန်တော် ပြောချင်တာက ဟိုကွေ့ဒီတက်နဲ့လှော်၊ ဒီကွေ့တွေ့ဒီတက်နဲ့လှော် လူတွေကို လုံးဝ သဘောမကျဘူး။
ပြီးတော့ ကျွန်တော်က လူမသိသူမသိနဲ့ သေသွားတဲ့လူတွေ၊ အနစ်နာခံခဲ့တဲ့သူတွေကို သိပ်သဘောကျတယ်။
လူဆိုတာ စာနာမှုပေးချင်ရင်တောင် အနည်းဆုံး ခံစားသွားတဲ့လူရဲ့ နာမည်လေး၊ ဘာလေး သိရမှာမဟုတ်လား။
အမေစု နားလည်မှာပါ၊
ကျွန်တော်ငယ်ငယ်ကဆို သိုင်းဝတ္ထုတွေ သိပ်ဖတ်ခဲ့တယ်။ သိုင်းဝတ္ထုမှာ ရေးထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ တရားမျှတမှုကို လိုလားတဲ့ အဖြူရောင်သိုင်းသမားတွေက ဆိုးသွမ်းနေတဲ့ အနက်ရောင်သိုင်းသမားတွေကို အနိုင်ရတယ်ဆို တာ စိတ်ထဲမှာမှတ်မိတယ်။
ကျောင်းရောက်လာတော့လည်း ဆရာမတွေက ပြောကြတယ်။
လူဆိုးတွေနဲ့ မပေါင်းဖို့၊ တရားမျှတမှုကို မြတ်နိုးဖို့၊ မတရားမှုကို ရွံမုန်းဖို့ ဘာညာ သင်ပေးခဲ့တယ်။ ဒါပေမယ့်လေ။ ကျွန်တော် အခုလို လူငယ်ပိုင်းအရောက်မှာ အဲ့သလိုပြောတာတွေကို မယုံတော့ဘူး။ ဘယ်မှာကြည့်ကြည့် လူဆိုးတွေက လူကောင်းတွေ ကို နိုင်နေတယ်။ လူကောင်းတွေ လူတော်တွေ ကိုယ်တိုင်ကလည်း ဘာတွေပြောလာသလဲဆိုရင် လူဆိုးတွေနဲ့ပေါင်းပြီး ဘယ်လို အလုပ်လုပ်တတ်ဖို့ ကျွန်တော့်ကို ပြန်လာသင်ပေးနေတယ်။ အခြေအနေက အဲသလို ဖြစ်နေတယ်။
သိန်းစိန်တို့၊ တင်အောင်မြင့်ဦးတို့က ဒီမိုဘက်တော်သားတွေ ဖြစ်လာတယ်။ သူတို့နဲ့ပေါင်းပြီး ဘယ်လိုအလုပ်လုပ်ကြမလဲ။ ဒီလို ဖြစ်လာတယ်။ ဦးသိန်းစိန်တို့ စိတ်ဆိုးမှာကို အမေစုအနေနဲ့ စိုးရိမ်မှာပါ။ ကျွန်တော် နားလည်ပါတယ်။
အမေစု အခုလို ပူးပေါင်းဖို့အတွက် ဒီလိုအနေအထားလေး ရဖို့အတွက်ဆိုရင် ၈၈၈၈ဆိုတာလည်း မလိုပါဘူး။ ပြည်တွင်းစစ် လည်း ဖြစ်စရာတောင် မလိုဘူး။ သူတို့သေသွားတာ မတန်ဘူး။ ကျွန်တော်ရေးထားတာလေးကို ဖတ်တဲ့ ဖေ့စ်ဘုတ်က သူငယ်ချင်းတွေကို ကျွန်တော်ယုံပါတယ်။ ပြီးတော့ ပြည်သူလူထုကိုလည်း ယုံပါတယ်။
ပြည်သူလူထုကို အသုံးချနေတဲ့လူတွေကိုတော့ ကျွန်တော်မယုံတော့ဘူး။ ဒီညနေကစပြီး မယုံတော့ဘူး။
ဆလိုင်းမာန် (November 18, 2011)