(တူမောင်ညို)
၂၀၁၁၊ စက်တင်ဘာလ ၉ရက်။
ဦးသိန်းစိန်အစိုးရက ကြေညာချက် (၁/၂၀၁၁)ပါအတိုင်း “တစ်ဖွဲ့ချင်း၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ပဏာမအဆင့် ဆွေးနွေးရမယ်”။
တိုင်းရင်းသားအင်အားစုတွေကလည်း (UNFC) မူအတိုင်း “တစ်ဖွဲ့ချင်း သီးခြားမဆွေးနွေး၊ တပ်ပေါင်းစုနဲ့သာ ဆွေးနွေးမယ်” စသဖြင့် ပြောဆိုနေကြချိန်မှာ “ဝ”အထူးဒေသ(၂) ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (UWSA)၊ မိုင်းလားအထူးဒေသ(၄) ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (NDAA)တို့နဲ့ ရှမ်းပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့) ကျိုင်းတုံမြို့မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးကြပြီး “ပဏာမသဘောတူညီချက်များ”ကို နှစ်ဖက် လက်မှတ် ရေးထိုးကြတဲ့သတင်း အစိုးရမီဒီယာများကနေ ပေါ်ထွက်လာခဲ့ပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းမည့် “ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့”နှင့် ဆက်လက် ဆွေးနွေးမယ်လို့လည်း သတင်းက ဆိုပါတယ်။
ဒီသတင်းနဲ့ ဒီဖြစ်ရပ်က “တစ်ဖွဲ့ချင်း သီးခြားမဆွေးနွေး၊ တပ်ပေါင်းစုနဲ့သာ ဆွေးနွေးမယ်”ဆိုတဲ့ တိုင်းရင်းသားအင်အားစု (UNFC) တွေအတွက် တကယ့်စိန်ခေါ်ချက် ဖြစ်ပါတယ်။
သူတို့ “ပဏာမသဘောတူညီချက်” ရရှိတာ တော်တော်မြန်ဆန်တာပဲ။ ကြေညာချက် (၁/၂၀၁၁) ကို ဩဂုတ်လ (၁၈)ရက်နေ့ ကမှ ထုတ်ပြန်ခဲ့တာပါ။ အရှေ့မြောက်နယ်စပ်မှာက “နှစ်ဖက်”လိုအပ်ချက်ကလည်းရှိ၊ “တစ်ဖက်နိုင်ငံကြီး”ရဲ့ တွန်းအား/ဖိ အားနဲ့ အကျိုးစီးပွားတွေကလည်း အုံနဲ့ကျင်းနဲ့ရှိနေလေတော့ ဒီလိုမြန်ဆန်တာ မဆန်းဘူးလို့ ရိုးရိုးရှင်းရှင်း တွေးထင်မိတာပါပဲ။
ယာယီ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ ထာဝရ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်ပြည်သူအကျိုးက ပထမဖြစ်ရမှာပါ။
ပဏာမအဆင့်ပဲ ဖြစ်တာမို့ ကံသေကံမ သိပ်ပြောလို့ မဖြစ်သေးပါဘူး။
လက်တွေ့ ဆက်လက် ဆွေးနွေးကြရာမှာ ၂၀၀၉ခုနှစ်၊ နိုဝင်ဘာလ ၁ဝရက်နေ့၊ ရက်စွဲဖြင့် “ဝ” အထူးဒေသ (၂) တာဝန်ရှိသူထံ မှ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် (ယခု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်)ထံ တင်ပြခဲ့တဲ့ “ဒေသခွဲခြားသတ်မှတ်ရေးနှင့် တပ်ဖွဲ့များ အသွင်ကူးပြောင်းရေးနှင့် ပတ်သက်သည့် ထင်မြင်ချက်နှင့် တင်ပြတောင်းဆိုချက်” ဆိုတာတွေကို လက်ရှိ အစိုးရက လက်ခံ ပါ့မလား။ အဆိုပါထင်မြင်ချက်နဲ့ တင်ပြတောင်းဆိုချက်တွေကို “ဝ” ပြည်နယ်သွေးစည်းညီညွှတ်ရေးပါတီ၊ ဗဟိုကော်မတီက ဆက်လက် ကိုင်စွဲထားပါသေးသလား ဆိုတဲ့အချက်တွေက ဆွေးနွေးပွဲ ရှေ့ဆက်နိုင်ရေးကို အဆုံးအဖြတ်ပေးမှာပါ။
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ အရေးကြီးတာက ပထမဆုံးအချက်အဖြစ် တိုင်းရင်းသားတွေရဲ့ အခွင့်အရေး စစ် စစ်မှန်မှန်၊ တန်းတူရည်တူ ရရှိရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရရှိရေးဆိုတဲ့အချက်တွေက ပဓာနကျပါတယ်။
ဒုတိယအချက်က ရရှိလာတဲ့ တန်းတူရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ရေရှည်တည်တံ့ခိုင်မြဲဖို့ ဖြစ်ပါတယ်။
တန်းတူရည်တူရှိပြီး ဒီမိုကရေစီအခွင့်အရေးတွေ ပြည့်ပြည့်ဝဝရှိနေမှသာ ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရေရှည် အာမခံ ချက်ကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒီလို အာမခံချက်တွေ မရှိခဲ့တာ လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ရှည်ကြာခဲ့ရပြီ ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရက တန်းတူရည်တူရှိပြီး ဒီမိုကရေစီ အခွင့်အရေးတွေ ပြည့်ပြည့်ဝဝရှိပြီး ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရေရှည်အာမခံချက်ကို ရရှိစေမယ့် စစ်မှန်တဲ့ ဆွေးနွေးမှုတွေကို တကယ်တမ်း လုပ်ဝံ့ပါ့မလား။ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” ထဲမှာရော ဒီလိုအခွင့်အရေးတွေ ပြဌာန်းဖေါ်ပြထားတာ ပါရှိပါသလား။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”ထဲမှာ အဲဒီလို အခွင့်အရေးတွေ ပြဌာန်းဖော်ပြထားတာ မရှိပါဘူး။
ကျင်းပဆဲ လွှတ်တော်တွေထဲမှာ ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား၊ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်း ဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက လောလောလတ်လတ် အခုလို ပြောထားတာတော့ ရှိပါတယ်။
“နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို အာမခံနိုင်သော မူဘောင်အတွင်းမှ လိုက်လျောနိုင်သမျှ လိုက်လျော ပြီး နှစ်ဖက် မျှမျှတတနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်သာ ဖြစ်ပါကြောင်း”။
ဦးကျော်ဆန်းပြောစကားက ငြိမ်းချမ်းရေးတည်ဆောက်ရေး/ တွေ့ဆုံဆွေးနွေးရေးဆိုတာနဲ့ ပတ်သက်ပြီး “ဆွေးနွေးမယ့်ဘောင် နဲ့ လိုက်လျောနိုင်မယ့်ဘောင်” ရဲ့ အတိုင်းအတာကို ယတိပြတ် ပြောထားတာ ဖြစ်ပါတယ်။
ဆွေးနွေးမှုတွေ အားလုံးနဲ့ လိုက်လျောမှုတွေ အားလုံးဟာ “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဒို့တာဝန်အရေးသုံးပါးကို အာမခံနိုင်သော မူဘောင်အတွင်း”ကပဲ ဖြစ်ပါတယ်။
ဒီဘောင်ကို “ထိပါးမခံဖို့” လွှတ်တော်ထဲမှာ တင်သွင်းနေတဲ့ ကြံ့ဖွံ့အမတ် ဦးဆွေအောင်ရဲ့“အဆို”ကို အားလုံးကြားသိကြပြီး မဟုတ်ပါလား။
“မတူကွဲပြားတာတွေကို ဘေးဖယ်ထားပြီး” ဆိုတဲ့စကားကလည်း တဖောင်ဖောင် ပြောနေပါတယ်။ ပြောနေတာထက် ပိုပြီး အရေးကြီးတာက အဲဒီလို “မတူကွဲပြားတာတွေ ဘေးဖယ်ထားနိုင်ခွင့်”ကို လက်ရှိအစိုးရကသာ တစ်ဖက်သတ် ကျင့်သုံးနေ တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”ကို လက်ခံမယ်/တယ်၊ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ” နေထိုင်ပြုမူဆောင်ရွက်လာ မယ်ဆိုရင် မည်သူ့ကိုမဆို/မည်သည့်ပါတီ အဖွဲ့အစည်းကိုမဆို လက်ရှိ ဦးသိန်းစိန်အစိုးရက မျှမျှတတ လိုက်လျောမှာကို သံသယ မရှိသင့်ကြပါဘူး။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”ကို သင်တို့ လက်ခံနိုင်ပါသလား။
ပဏာမ သဘောတူညီချက် ရဖို့က မခက်ပါဘူး။ အခုရရှိလာတဲ့ “ပဏာမသဘောတူညီချက်”ကလည်း ယခင်၂၃နှစ်ရရှိထားတဲ့ ပဏာမ သဘောတူညီချက်ကို ထပ်မံ အတည်ပြုရတဲ့ ပဏာမ သဘောတူညီချက် ဖြစ်ပါတယ်။
ပထမ ပဏာမ သဘောတူညီချက်က (နဝတ-နအဖ) စစ်အစိုးရနဲ့ ရခဲ့တာဖြစ်ပြီး အခု ရရှိလာတဲ့ “ပဏာမသဘောတူညီချက်” က ဦးသိန်းစိန်အစိုးရနဲ့ ရရှိတဲ့ ပဏာမသဘောတူညီချက်လို့ပြောရင် ရပါတယ်။
နောက်တစ်ချက်က (နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ “ထာဝရ”တို့ “အကြွင်းမဲ့” တို့ဆိုတဲ့စကားတွေကလည်း “လက် နက်ချရတာ၊ အဖွဲ့အစည်း ဖျက်သိမ်းရတာတွေ”နဲ့ တွဲစပ်နေလေတော့ “ထာဝရ”တို့ “အကြွင်းမဲ့”တို့ ဆိုတဲ့စကားတွေ ပြောလာ နေပြီဆိုရင် အဲဒီစကားရဲ့ နောက်ကွယ်က “လက်နက်ချရမယ်/ အဖွဲ့အစည်းဖျက်သိမ်းရမယ်” ဆိုတဲ့အချက်ကို သတိကြီးကြီး ထားကြဖို့ လိုပါလိမ့်မယ်။
ဒါကြောင့် ပဏာမ/ယာယီ သဘောတူညီချက်ရဖို့ လွယ်ပါတယ်။ ပဏာမချည်း ၂၃နှစ်နီးပါး ကြာခဲ့တာပဲ။ တကယ်ခက်တာက “ထာဝရသဘောတူညီချက်” ရရှိဖို့ပါ။ ဒီအတွက် အဓိကလိုအပ်ချက်က တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးအင်အားစုအားလုံး နိုင်ငံရေး အရ လွတ်လွတ်လပ်လပ်၊ တန်းတူရည်တူ ဒီမိုကရေစီရှိရှိ ဆွေးနွေးအဖြေရှာကြဖို့ပါပဲ။