ကဗျာမဆန်နိုင်ခဲ့တဲ့
အကျဉ်းတန်လမ်းလေးထက်ဝယ် ….
နက်ဖန်ဆိုဘယ်ကိုပြေးရမှန်း
မနက်စာကို ဘယ်လိုတွေးရမှန်း
အိပ်ရာခင်းဆိုတာ ပင်ရင်းက ရွက်ကြွေတွေပဲကွယ်
ပွင့်လင်းရာသီ – ရောက်ပြီဆိုတာနဲ့
မိစ္ဆာ ရာသီ . စပြီသူငယ်ချင်း ….
ပေါ်တာနဲ့ လုပ်အားပေး – ကြိုက်တာသာရွေးတော့
ကိုယ့်လုပ်စာကိုယ်မစားရ- ပြန်ကြည့်ရင် ဆားတိုင်ဖြစ်မှာမို့
အမောဆို့လည်း မတတ်နိုင်ဘူးသူငယ်ချင်း …..
အိမ်ကြက်ချင်းခွပ်ခိုင်း
ဇိမ်နဲ့ ဒင်းတို့ဝိုင်းလောင်းတယ်
သေကုန်အောင်ခွပ်ကြ
ရှင်ကျန်ရင် ဒင်းတို့ ရှင်းမယ်တဲ့
ပြတိုက်မှာပဲ ထားတော့မယ်တဲ့သူငယ်ချင်းရေ
သူငယ်ချင်း
မင်းလည်းအဝေးမှာ
မျက်နှာရပါ့မလားကွယ်
သူ့ပြည်သူ့မြေ သူ့ဌာနေမှာ
သူ့အခွင့်အရေး ရရှိဖို့ဝေးနေရင်တော့
သူငယ်ချင်းအတွက်လည်း
ငါ့ရဲ့သက်ပြင်းရှည်တွေ ဥဩဆွဲနေမှာပဲလေ….။
သူငယ်ချင်း
ပန်းခင်းလမ်းဆိုတာ
စာအုပ်ထဲမှာပဲနော်
ငါတို့တွေလျှောက်တဲ့လမ်းဟာ
ကြမ်းတမ်းတာမှန်ပေမဲ့
ပရမ်းပတာမဖြစ်ဖို့သတိထားစို့နော်
လမ်းထိပ်ရောက်ရင် အော်ခေါ်ကြမယ်လေ ………။
စောတူလဲမူး
(၁၃-၆-၂၀၁၁) နံနက် (၁း၃၆) နာရီ
World Refugee day အမှတ်တရ ရင်ခုန်သံ