အယ်ဒီတာ့အာဘော်
မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ်၏ လတန်ခူးသို့ ကူးပြောင်းလာခဲ့သလို နှစ်ပေါင်း ၂ဝအတွင်း ပထမဆုံး အစိုးရသစ်တစ်ရပ်လည်း ပေါ်ထွန်းလာချေပြီ။ ထို့အပြင် တိုင်းနှင့် ပြည်နယ်အသီးသီး၌လည်း ရွေးချယ်ခန့်အပ်ခံထားရသည့် ဝန်ကြီးချုပ်များထဲတွင် ယခင် နအဖ စစ်တပ် ထိပ်တန်းစစ်ဗိုလ်ချုပ်များက ၁၀နေရာနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များက ၄နေရာရနေသည်။ ကြံ့ဖွံ့ပါတီ ဝင်များမှလည်း နအဖ စစ်တပ်မှ ထိပ်တန်းအရာရှိများက ယူနီဖောင်းချွတ် အရပ်ဝတ်လုပ်ကာ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ခြင်းဖြစ် သည်ကို မြန်မာနှင့် ကမ္ဘာ့ပြည်သူများ သိထားကြပြီးဖြစ်သည်။
အနည်းစု မဲအနိုင်ရခဲ့သည့် တိုင်းရင်းသားပါတီများနှင့် သာမန်အရပ်သား လွှတ်တော်ကိုယ်စားလှယ်များ လုံးဝ မပါဝင်သော တိုင်းပြည်ကို အဓိကအုပ်ချုပ်မည့်အဖွဲ့ကို အရပ်သားအစိုးရဟု အဘယ်သို့ သတ်မှတ်နိုင်မည်နည်း။ မကြာသေးမီလက တရား ဝင်ဖျက်သိမ်းခဲ့သည့် နအဖ အစိုးရက မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနည်းလမ်းကျကျ လျှောက်လှမ်းမည်ဟု ကြွေးကြော်ထား ခဲ့ရာ ကမ္ဘာ့စံနှုန်းအရ ဒီမိုကရေစီနိုင်ငံတိုင်းတွင် အစိုးရကို ပါတီအမည်တပ် ခေါ်ဝေါ်လေ့ရှိသဖြင့် လက်ရှိ သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့ကို ကြံ့ဖွံ့အစိုးရဟု ခေါ်ဆိုသွားရမည့် အနေအထား ဖြစ်နေပေသည်။
ထိုသို့ ပါတီနာမည်တပ်၍ အစိုးရကို ခေါ်ဆိုရာတွင် လက်ရှိ ထိုင်းနိုင်ငံ၌ ဒီမိုကရက်အစိုးရ၊ အမေရိကန်၌ ဂျော့ဂျ်ဘုရှ်လက် ထက်က ရီပတ်ဘလစ်ကန်အစိုးရဟု ခေါ်လာခဲ့ကြသဖြင့် ၂၀၁၁ လွှတ်တော်အစည်းအဝေးအပြီး တက်လာသည့် ဒီမိုကရေစီ မြန်မာပြည်၏ အစိုးရကို ကြံ့ဖွံ့အစိုးရ၊ စစ်တပ်ကို ကြံ့ဖွံ့တပ်မတော်ဟုသာ ဒီမိုကရေစီ နည်းလမ်းကျကျ ခေါ်ရပေတော့မည်။
ဦးသိန်းစိန်သည် သမ္မတဖြစ်လာပြီးနောက် ၎င်းကိုယ်တိုင် ဥက္ကဌလုပ်ကာ ပြည်ထောင်စုအဆင့် အထူးစီမံကိန်းများ အကောင်အ ထည်ဖော်ရေးအဖွဲ့နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့ ကို ဖွဲ့စည်းခဲ့သည်။ ဤအဖွဲ့၊ ဤကော်မတီများမှာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအတွက် အမှန်တကယ် ထိရောက် စွာ လုပ်ဆောင်နိုင်မှုရှိမရှိကို မည်သည့်သက်သေ၊ မည်သည့်စံနှုန်းနှင့်မျှ တိုင်းတာယူ၍ မရနိုင်ပေ။
ကြံ့ဖွံ့အစိုးရအနေဖြင့် ဗမာပြည်ကို ဒီမိုကရေစီနည်းကျကျ လုပ်ဆောင်မည်ဆိုပါက တိုင်းရင်းသားဒေသများတွင် ယခင်က ထက်ပို၍ မပြတ်တမ်း ထိုးစစ်ဆင်နေမှုများ၊ ထောင်နှင့်ချီသော အကျဉ်းကျနိုင်ငံရေးသမားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများအား တွေ့ဆုံဆွေးနွေးမှု ချက်ချင်း ပြုလုပ် သွားရမည်သာ ဖြစ်သည်။
ထိုအချက်များကို လျစ်လျူရှုကာ ကရင်၊ ကရင်နီ၊ ရှမ်း၊ ကချင် စသည့်တိုင်းရင်းသားဒေသများတွင် ဆက်လက်၍ စစ်ဆင်နေ အုံးမည်ဆိုပါက ကြံ့ဖွံ့တပ်မတော်ကို ဦးဆောင်နေသည့် ကြံ့ဖွံ့အစိုးရအနေဖြင့် ကြံ့ဖွံ့နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ တဆင့် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ထံ တောင်းဆိုထားသည့် ၂၀၁၄ခုနှစ်၏ အာဆီယံဥက္ကဌ ရာထားတာဝန်ကို မျှော်လင့်ခွင့်မဘဲ တက်တက်စင်အောင် လွဲနေမည်ဖြစ်ကြောင်း ထင်မြင်ယူဆမိပါသည်။