အောက်တိုဘာ ၁၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်ရှိ မဲဆန္ဒရှင်လူထုအနေဖြင့် မိမိထည့်ချင်သည့် ပါတီကို လွတ်လပ်စွာ မဲထည့်ပိုင်ခွင့်ရှိသည်ဟု ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးစောအောင်ပွင့်က ကေအိုင်စီကို ယနေ့ ပြောသည်။
“ဘယ်မဲဆန္ဒရှင်မဆို သူကြိုက်တဲ့ပါတီကို လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရှိတယ်။ ပေးခွင့်ရှိအောင်လည်း ဥပဒေနဲ့အညီ လုပ်ထားပြီးပြီ။ လျှို့ဝှက်မဲနဲ့ လုပ်ထားပေးတယ်။”ဟု ဦးစောအောင်ပွင့်က ကေအိုင်စီကို ပြောသည်။
ပြည်နယ်ကော်မရှင်အနေဖြင့် ပြီးခဲ့သည့်လကတည်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံသို့ မဲပုံးများကို ပေးပို့ထားပြီးဖြစ် သလို ရွေးကောက်ပွဲဆိုင်ရာ လိုအပ်သည်များကိုလည်း စီစဉ်ထားပြီးဖြစ်ကြောင်းနှင့် မဲရုံများကိုမူ ရွေးကောက်ပွဲနီးလာသည့် အချိန်ကျမှသာ တည်ဆောက်သွားမည်ဟု ဆက်လက် ပြောဆိုသည်။
ရွေးကောက်ပွဲကော်မရှင်၏ ပြောကြားချက်သည် မှန်ကန်သော်လည်း အမှန်တကယ် လက်တွေ့မှာ လွဲချော်နေကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ PSDP ၏ ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းစေအွာက ယခုလို ပြောသည်။
၎င်းက “ရွေးကောက်ပွဲကော်မရှင်ပြောတာကတော့ မှန်ပါတယ်။ ဒါပေမယ့် ရွာကိုသွားတဲ့အခါ တချို့ကျတော့ လွဲနေတာပေါ့ နော်။ အင်အားကြီးတဲ့တချို့အဖွဲ့တွေကတော့ မက်လုံးတွေ ပေးတာပေါ့နော်။ ရွာသားတွေကိုလေ။ လမ်းတွေပြင်ပေးမယ်။ ပြီး တော့ ကရင်ပြည်နယ်မှာ ရွှေထွက်တဲ့ဒေသဖြစ်တယ်။ ရွှေတွင်းတွေတူးပေးမယ်၊ အဲလိုမျိုးပြောတာ ကြားနေတော့ စိတ်မ ကောင်းဘူးပေါ့နော်။ တချို့ရွာတွေမှာဆိုရင် အဲဒီပါတီကို တရွာကို အယောက် (၅၀)ဝင် ခိုင်းတယ်။ အဲဒီဝင်ခိုင်းခံရတဲ့လူတွေ ဟာ ဖလုံ-စဝေါ်ပါတီဝင်တွေ ဖြစ်နေတယ်လေ။ အဲဒါ ဘယ်လိုလုပ်မလဲလို့ ကျမတို့ကို မေးလာတယ်။”ဟု ပြောသည်။
ထို့အပြင် လူထုအနေဖြင့် လွတ်လပ်စွာ မဲပေးပိုင်ခွင့်ထက် မဲပေးပုံပေးနည်းကိုပင် လုံးဝ သိနားလည်ခြင်း မရှိသေးသဖြင့် PSDP အနေဖြင့် ကျေးလက်တောရွာများသို့ သွားရောက်ရာတွင် ပါတီစည်းရုံးရေးထက် မဲပေးပုံကိုသာ အဓိကထား ရှင်းလင်းပြောဆို နေရကြောင်း သူမက ဆက်လက် ပြောဆိုခဲ့သည်။
ကော့ကရိတ်မြို့နယ်မှ မဲဆန္ဒရှင်တဦးက “သူတို့ပြောတဲ့ပုံအရရယ်။ မြဝတီရုပ်မြင်သံကြားမှာ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ သရုပ်ဆောင်ပြတဲ့ပုံအရဆိုလို့ရှိရင် ကိုယ့်ကြိုက်တဲ့ပါတီကို လွတ်လွတ်လပ်လပ် ပေးလို့ရမယ်လို့ထင်တာပဲ။ ဒါပေမယ့် တကယ့်လက်တွေ့ကျတော့ ဘယ်လိုလာမလဲဆိုတာကိုတော့ ကျမတို့လည်း မသိဘူးပေါ့နော်။”ဟု ပြောသည်။
“ကျနော်တို့ကတော့ မဲလွတ်လပ်စွာ ပေးခွင့်ရပါစေ။ မဲသွားထည့်မှာ မဟုတ်ဘူး။ လုပ်ချင်တာလုပ်နေတဲ့ ရွေးကောက်ပွဲကို သွားထည့်ချင်စိတ်လည်း မရှိဘူး။ သူတို့(စစ်အုပ်စု)ဘက် ညစ်ပတ်ပြီး ကြံဖန်မဲယူချင်ယူမှာပေါ့။”ဟု ဖားအံမဲဆန္ဒရှင်တစ်ဦးက ဆိုသည်။
ကရင်ပြည်နယ်တခုလုံးအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ကရင် ပြည်သူ့ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စသည့်ပါတီ(၆)ခု ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်း ဝင်ရောက်အရွေးခံမည့် နိုင်ငံရေးပါတီတချို့က ၎င်းတို့လွှတ်တော်အမတ်များ ဝင် ရောက်အရွေးခံမည့် မဲဆန္ဒနယ်များတွင် မဲဆွယ်စည်းရုံးမှုများ အကြီးအကျယ် လုပ်ဆောင်လျှက်ရှိသော်လည်း တချို့ပါတီမှာ မည်သည့်မဲဆွယ်စည်းရုံးမှုကိုမျှ လုပ်ဆောင်ခြင်းမရှိသေးကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၇မြို့နယ်တွင် မဲဆန္ဒရှင်ဦးရေ ၅သိန်းကျော်ရှိပြီး မဲဆန္ဒနယ်မြေပေါင်း ၁၂ခုရှိသည်။