Home ထိပ်တန်းသတင်း ထန်းတပင်မြို့နယ်တွင် ‌ဒေသခံ ရွာသားများအား အဆက်မပြတ် လုပ်အားခိုင်း‌စေခံရ

ထန်းတပင်မြို့နယ်တွင် ‌ဒေသခံ ရွာသားများအား အဆက်မပြတ် လုပ်အားခိုင်း‌စေခံရ

1498
‌အောက်တိုဘာလ ၁၅ရက်၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ သံ‌တောင်မြို့နယ် ‌တောင်ဘက်ခြမ်း၊ ထန်းတပင်မြို့၏ အ‌ရှေ့‌တောင်ဘက် (၂၀)မိုင် အကွာအ‌ဝေးရှိ တိပ်ပု ‌ကျေးရွာအုပ်စုတွင် ယခုလဆန်းပိုင်းအတွင်း နအဖစစ်တပ်များက ‌ဒေသခံရွာသားများအား အဆက်မပြတ် အဓမ္မ‌ခေါ်ယူကာ လုပ်အားခိုင်း‌စေလျှက်ရှိသည်ဟု သိရှိရသည်။

ထန်းတပင်မြို့နယ် တိပ်ပုဂွင်တွင် အ‌ခြေချလှုပ်ရှား‌နေ‌သော စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၇)လက်‌အောက်ခံ တပ်ရင်း ခလရ (၁၀၂)က ၎င်းတို့ တပ်ရိက္ခာပစ္စည်းများ ထမ်းပို့ရန်အတွက် ယခုလ ၁၂ရက်‌နေ့တွင် တိပ်ပု‌ကျေးရွာအုပ်စုရှိ ရွာ‌လေးရွာမှ ရွာသူ ရွာသား ၃၈ဦး ‌ခေါ်ယူခိုင်း‌စေခဲ့သည်ဟု ပြည်တွင်းဌာ‌နေမဲ့ကရင်ဒုက္ခသည်များဆိုင်ရာ‌ကော်မတီ(CIDKP)၏ ‌မြောက်ပိုင်းတာဝန် ခံ ‌စောအယ်ဝါးက ‌ပြောသည်။

၎င်းက “ဒီလ ၁၂ရက်‌နေ့မှာ တိပ်ပုရွာမှာရှိတဲ့ ခလရ(၁၀၂)က တိပ်ပုတပ်စခန်းက‌နေ သ‌ပြေညွှန့်တပ်စခန်းအထိ ရိက္ခာပစ္စည်း ‌တွေ ထမ်းဖို့အတွက်ဆိုပြီး တိပ်ပုရွာက အမျိုးသား ၉‌ယောက်၊ အမျိုးသမီး ၃‌ယောက်၊ ‌မျောက်‌ချောင်းရွာက အမျိုးသား ၈ ‌ယောက်၊ အမျိုးသမီး ၇‌ယောက်၊ ဟန်တိုရွာက အမျိုးသား ၆‌ယောက်၊ အမျိုးသမီး ၆‌ယောက်နဲ့ ကန်ပဲ့‌မြောင်ရွာက အမျိုးသား ၆‌ယောက်၊ အမျိုးသမီး ၃‌ယောက်ကို ‌ခေါ်ယူခိုင်း‌စေတယ်‌လေ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ထို့အပြင် ‌အောက်တိုဘာလ ၁၂ရက်တည်း၌ပင် တိပ်ပုဂွင်ရှိ ‌ရေတံခွန်(က‌လော်မီဒဲ)‌ကျေးရွာတွင် အ‌ခြေစိုက်သည့် ၎င်း ခလရ (၁၀၂)တပ်ရင်းမှ တခြားတပ်ဖွဲ့ဝင်များသည် ‌ရေတံခွန်‌ကျေးရွာမှ ပလက်ဝတပ်စခန်းအထိ စစ်ရိက္ခာထမ်းပို့ရန်အတွက် ရွာသူရွာ သား ၃ဝဦးကို ‌ခေါ်ယူခိုင်း‌စေခဲ့သည်ဟုလည်း ‌စောအယ်ဝါးက ဆက်‌ပြောသည်။

ယခုလို နအဖစစ်တပ်များက ရွာသူရွာသားများအား အတင်းအဓမ္မ‌ခေါ်ယူခိုင်း‌စေမှုသည် ရွာသူရွာသားများ လုံးဝလုပ်စားကိုင် စား၍မရ‌အောင် တမင်တကာ ‌ခေါ်ယူခိုင်း‌စေခြင်းဖြစ်‌ကြောင်းနှင့် ရွာသူရွာသားများအား တမင်ညှင်းပန်းနှိပ်စက်ခြင်းလည်း ဖြစ် သည်ဟု ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ) တပ်မဟာ(၂)မှ တပ်မှူးတဦးက ‌ပြောသည်။

၎င်းက “နအဖက တမင်သက်သက် ရွာသား‌တွေကို အလုပ်မရှိရှိ‌အောင် ခိုင်းတယ်။ ဘာဖြစ်လို့လဲဆို‌တော့ သူ့ရိက္ခာသူ ထိုင်စား ရင် ပြီးတာပဲ။ ‌ဟောင်း‌ဟောင်းသစ်သစ်‌ပေါ့၊ အခု အဲလိုမဟုတ်ဘူး။ ရိက္ခာအ‌ဟောင်း‌တွေကို ပြန်ပို့ခိုင်းတယ်။ အဲဒါ့အပြင် ခြင်း၊ ‌တောင်းတို့၊ ရွာသား‌တွေဆီက သိမ်းဆည်းလို့ရတဲ့ ကွမ်းသီးတို့၊ ဖာလာတို့ ပြန်‌ရောင်းစားဖို့အတွက်လည်း ရွာသား‌တွေကို ‌ခေါ် ထမ်းခိုင်းတယ်။ ရွာသူရွာသား‌တွေ လုံးဝ လုပ်ကိုင်စားလို့မရ‌အောင် တမင်သက်သက်ခိုင်းတာပဲ။”ဟု ‌ပြောသည်။

အလားတူ ပြီးခဲ့သည့် ‌အောက်တိုဘာလ ၉ရက်‌နေ့တွင်လည်း အဆိုပါ နအဖစစ်တပ်က ဗာရာဏသီရှိ တပ်ရိက္ခာပစ္စည်းများကို တိပ်ပုတပ်စခန်း၌ ပြန်လာထမ်းပို့ရန်အတွက် တိပ်ပုရွာသား ၆ဦးနှင့် ရွာသူ ၄ဦးကို ‌ခေါ်ယူခိုင်း‌စေသည့်အပြင် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၁ရက်‌နေ့ကလည်း ရှားဇီးဘိုစခန်း အ‌ခြေစိုက် ‌တောင်ပိုင်းတိုင်းလက်‌အောက်ခံ ခလရ (၇၃)တပ်ရင်းက ဇီး ဖြူကုန်းရွာသားများအား သစ်လုံး ၈လုံးနှင့် ဝါးအလုံး‌ပေါင်း ၃၅ဝကို ခုတ်ခိုင်းခဲ့သည်ဟု သိရသည်။

အဆိုပါ နအဖစစ်တပ်များသည် ‌ဒေသခံရွာသားများအား အမြဲတမ်းလိုလို အဓမ္မ တပ်ရိက္ခာပစ္စည်းများ သယ်ယူပို့‌ဆောင်ခိုင်း သည့်အပြင် ၂၀၀၆ခုနှစ်မှစ၍ ယခုအချိန်ထိ တရက်လျှင် ရွာသား ၄ဦးစီ ထင်း‌ခွေ၊ စာပို့၊ ဟင်းသီးဟင်းရွက်ရှာ စသည့်အလုပ် များကို အလှည့်ကျ ‌နေ့စဉ် လုပ်‌ဆောင်ခိုင်းခဲ့ပြီး လုပ်ငန်းခွင်သို့သွားသည့် ရွာသားများကိုလည်း နည်းမျိုးစုံဖြင့် ‌နှောက်ယှက် ဟန့်တားမှုများ လုပ်‌ဆောင်လျှက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။